Wednesday, November 7, 2012

တော်ဝင်မိသားစုကုမ္ပဏီ၏ သစ်အချောထည်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်သည့် ၁၄ရက်မြောက်နေ့တွင် မရမ်းကုန်းမြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရုံးရှေ့သို့ ပြောင်းရွှေ့ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊၀ါးတရာစက်မှုဇုန်နယ်မြေ၊အမှတ် ၂၃ရပ်ကွက်၊ တော်ဝင်လမ်းရှိ တော်ဝင်မိသားစုကုမ္ပဏီ၏ သစ်အချောထည်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်သည့် ၁၄ရက် မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ ၇ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ပြည်လမ်းရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရုံးရှေ့သို့ ပြောင်းရွှေ့ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ထိုသို့ပြောင်းရွှေ့ဆန္ဒထုတ်ဖော်ရခြင်းမှာ ဆန္ဒပြအလုပ်သမားများ တောင်းဆိုသည့် အချက် ၅ချက်အား ကုမ္ပဏီဘက်မှ လိုက်လျောခြင်းမရှိသည့်အပြင် ဆန္ဒထုတ်ဖော်သည့် ၁၄ရက်မြောက်နေ့သို့ရောက်ရှိသော်လည်း ထိရောက်သည့် ညှိနှိုင်းမှုလုပ်ဆောင်ပေးခြင်း မရှိသောကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။                  
ဆန္ဒထုတ်ဖော်သည့် အလုပ်သမားများသည် ၁၄ရက်ကြာ ဆန္ဒထုတ်ဖော်သည့် သစ်အချောထည်စက်ရုံမှ စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းရှိ တော်ဝင်ကုမ္ပဏီရုံးချုပ်သို့ ပြောင်းရွှေ့ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသော်လည်း တော်ဝင်ကုမ္ပဏီရုံးချုပ်ရှေ့တွင်
တော်ဝင်ကုမ္ပဏီ အမှတ်တံဆိပ်ပါ ဆင်တူအင်္ကျီများ ၀တ်ဆင်ထားသည့် ၀န်ထမ်းများရှိနေသောကြောင့်  အလုပ်သမားအချင်းချင်း ပဋိပက္ခဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားရုံး၌ုသာ ဆန္ဒထုတ်ဖော်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောကြားခဲ့သည်။      
ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သည့် အလုပ်သမားကိုယ်စားလှယ် ကိုကျော်မင်းက ''အရင်ညှိနှိုင်းမှုမှာ  ကုမ္ပဏီဘက်ကဒါရိုက်တာတွေ၊ မန်နေဂျာတွေဟာ ကျွန်တော်တို့ အလုပ်သမားတွေ တောင်းဆိုတဲ့ အချက်တွေကို ဆုံးဖြတ်ပေးနိုင်ခြင်းမရှိ ပါဘူး။သူဌေးကသာအဓိကဖြစ်နေပါတယ်။ကျွန်တော်တို့ အလုပ်သမားတွေက ရက်ရှည်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပေမယ့် အစိုးရတာဝန်ရှိသူတွေနဲ့ အလုပ်ရှင်တွေဟာ လုပ်သမားတွေတောင်းဆိုတဲ့အချက်တွေကို ဖြည့်ဆည်းပေးခဲ့ခြင်းမရှိခဲ့သလို အလုပ်သမားတွေရဲ့ စားရေးသောက်ရေးပံ့ပိုးမှုတွေလိုအပ်တဲ့အတွက် ပြီးတော့အလုပ်သမားတွေ ခံစားနေရတာတွေကို ပြည်သူတွေပိုသိအောင်လို့ အခုလိုလာခဲ့တာပါ။ အစက အလုပ်ရှင်ဆီတိုက်ရိုက်တောင်းဆိုသွားဖို့ စီစဉ်ထားပေမယ့် အလုပ်ရှင်ဘက်က အလုပ်သမားတစ်ရာလောက်ကို တော်ဝင်အင်္ကျီဝတ်ခိုင်းထားပြီး အလုပ်သမားအချင်းချင်း ရန်တိုက်ပေးတဲ့အနေအထားမျိုး ဖန်တီးထားတဲ့အတွက် အလုပ်သမားအချင်းချင်း ပဋိပက္ခဖြစ်မှာစိုးရိမ်လို့ အခုလိုနေရာပြောင်း ရွှေ့လိုက်တာပါ''ဟုပြောပြခဲ့ပါသည်။    
နိုဝင်ဘာလ ၄ရက်နေ့က ဆန္ဒထုတ်ဖော်မှုပြုလုပ်နေသည့် အလုပ်သမားခေါင်းဆောင် ၇ဦးတို့နှင့် တော်ဝင်မိသားစုကုမ္ပဏီမှဒါရိုက်တာ ဦးမြင့်သိန်းနှင့်အဖွဲ့တို့ အလုပ် သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်ရှေ့မှောက်တွင် အချိန် ၂နာရီကျော်ကြာ ညှိနှိုင်းမှုပြုလုပ်ခဲ့ကြသော်လည်း ကုမ္ပဏီဘက်မှ တက်ရောက်ဆွေးနွေးသူများအနေဖြင့် အလုပ်သမားများ တောင်းဆိုသည့် အချက်များအား ဆုံးဖြတ် ဖြေရှင်းနိုင်ခြင်းမရှိသောကြောင့် ဆွေးနွေးပွဲအောင်မြင်ခြင်းမရှိခဲ့ကြောင်း ပါဝင်ဆွေးနွေးခဲ့သည့် အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။              
ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သည့် အလုပ်သမားများ တောင်းဆိုခဲ့သည့်အချက်ငါးချက်တွင် (၁)စက်ရုံတွင်ရှိသောအလုပ်သမားများအား အပြင်ဆိုဒ်သို့မပို့ရန် (၂) အလုပ်သမားများ၏ သဘောတူညီမှုမရှိဘဲ စည်းကမ်းချက်များမထုတ်ပြန်ရန် (၃) စက်ရုံအတွင်း ၀င်ခွင့်မပေးသော အလုပ်သမားများအား On Duty ပေးရန်နှင့် လုပ်ခပေးရန် (၄) EC စာချုပ်အမြန်ဆုံးချုပ်ဆိုပေးရန် (၅) လူမှုဖူလုံရေး ကဒ်တစ်ပတ်အတွင်း အမြန်ဆုံးပြုလုပ်ပေးရန် စသည့်အချက်များ ပါဝင်သည်။                
 တော်ဝင်သစ်အချောထည်နှင့် ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည်  တော်ဝင်ကုမ္ပဏီက ၎င်းတို့၏ပြင်ပဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်စေခြင်းအား   အလုပ်သမားများဘက်မှ စက်ရုံ၌ သာ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုဖော်ထုတ်မှုအား အောက်တိုဘာလ ၂၅ရက်နေ့မှစ၍ ၂၄နာရီ ပတ်လုံး နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြသည်။         
ယင်းဆန္ဒထုတ်ဖော်မှုတွင် အလုပ်သမားဦးရေ ၂၆၈ဦးပါဝင်ပြီး အလုပ်သမား ၁၀ဦးသည် နိုဝင်ဘာလ ၁ရက်နေ့မှ စတင်ပြီး အစာအငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။၎င်းအစာငတ်ခံဆန္ဒပြကြသည့် အလုပ်သမား ၁၀ဦးအနက်မှ ၂ ဦးမှာ ရွှေပြည်သာဆေးရုံတွင် ဆေးကုမှုခံယူလျက်ရှိကြောင်းသိရသည်။

Eleven Media Group

No comments:

Post a Comment