Wednesday, November 7, 2012

အင်းတော်ကြီးသို့စီးဝင်သည့် ခေါင်းတုံချောင်းရေတွင် ဓာတ်သတ္တုပါဝင်မှုမြင့်မား

အင်းတော်ကြီးကန် ဘေးမဲ့တောသို့ စီးဝင်သော ချောင်းများအနက် ခေါင်းတုံချောင်းရေတွင် လူကိုအန္တရာယ်ဖြစ်စေသော ဓာတ်သတ္တုပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိရကြောင်း သုတေသနပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးမိတ်ဆွေများအသင်းဥက္ကဋ္ဌဦးမြင့်အောင်က ပြောသည်။
ယင်းချောင်းသည် ရွှေလုပ်ငန်းများ လုပ်ကိုင်ရာ မိုင်းနောင်ရွာမှ ဖြတ်သန်းစီးဆင်းလာသော ချောင်းဖြစ်ပြီး နွေရာသီမှလွဲ၍ အခြားရာသီများတွင် စီးဆင်းသော ချောင်းဖြစ်သည်။ ပါဝင်သော ဓာတ်သတ္တုပါဝင်မှုများမှာ ရေအရည်အသွေးတွင် ပါဝင်သော ပမာဏထက်များပြားနေကြောင်း၊
ဗင်နာဒီယမ်( Vanadium )၊ ခရိုမီယမ်( Chromium )၊ မဂနီ ( Manganese )၊ ကြေးနီ၊ အာဆင်းနစ်၊ ဇင့်ဓာတ်ပါဝင်မှုသည် ပုံမှန်ထက်တစ်ဆနှင့်
နှစ်ဆပါဝင်မှုရှိသည်ကို တွေ့ရှိရကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
လူခန္ဓာကိုယ်အတွင်း ရောက်ရှိပါက
ခရိုမီယမ်ဓာတ်များပါက ကျောက်ကပ်၊ အသည်း၊ သွေး တစ်ရှူး၊ အာရုံကြောတစ်ရှူးများ ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကြေးနီဓာတ်များပါ အသည်းကို ပျက်စီးစေပြီး အခြားသွေးအားနည်းရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းများကို ပျက်စီးစေနိုင်ကြောင်း၊ အာဆင်းနစ်ဓာတ်များက မူမမှန်သော ခံစားမှုများ ဖြစ်ပေါ်ခြင်း၊ နားလေးခြင်း၊ မျက်စိမှုန်ခြင်း၊ သွေးဖြူဥလျော့ကျခြင်း၊ အော့အန်ခြင်း၊ အသက်ရှူလမ်း ကြောင်း ကင်ဆာဖြစ်ခြင်း၊ ကြွက်တက်ခြင်း၊ ခြေလက်ထိပ်ထုံကျင်ခြင်း၊ ၀မ်းလျှောခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
စမ်းသပ်စစ်ဆေးသော ရေသည် ရွှေလုပ်ငန်းများရှိသော မိုင်းနောင်ရွာနှင့် မမုံကိုင်ရွာအကြား ဖြတ်သန်းပြီး အင်းတော်ကြီးကန်အနီးရှိ သံနုန်းသောင်များ ထူထပ်သည့် ချောင်းရေကို သယ်ယူပြီး ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနမှတစ်ဆင့် စင်ကာပူနိုင်ငံသို့ သွားရောက်ဓာတ်ခွဲစမ်းသပ်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
အင်းတော်ကြီးကန်သို့ စီးဆင်းသော ချောင်းများတွင် အချို့ချောင်းသည် ရွှေတူးဖော်သည့် လုပ်ငန်းများကြောင့် ကောခြင်းမျိုး ကြုံတွေ့ရနေကြောင်း
သိရသည်။

အိဖြူမွန်
7Day News


No comments:

Post a Comment