မြန်မာ့နိုင်ငံရေးစနစ် ပြောင်းလဲမှုမှာ ကဏ္ဍပေါင်းစုံတွင် အပြောင်းအလဲများ၊သက်ရောက်မှုများ ဖြစ်စေသကဲ့သို့ ဗေဒင်ပညာရှင်များအပေါ်တွင်လည်း
အကျိုးသက်ရောက်မှုများ ရှိနေပါသည်။
“အခုက ကြိုးတန်းပေါ် လမ်းလျှောက်နေတဲ့အချိန်။ အပြောင်းအလဲမှာ ကိုယ့်ကံကြမ္မာ သိချင်သူပိုများလာတယ်” အပြောင်းအလဲများကြောင့်
မိမိကံဇာတာ သိလို၍ ဗေဒင်မေးသူ ယခင်ထက် ပိုများလာကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် နက္ခတ်သိပ္ပံပညာရှင်
ဆရာဇေယျာကိုကပြောသည်။
“ဗေဒင်လာမေးတာ လူငယ်တွေ ပိုစိတ်ဝင်စားလာကြတယ်။ ပုံမှန်သတ်မှတ်တာ
တစ်ရက် ၁၀ ဦးပဲ ဟောတာ။ အခုနောက်ပိုင်း မေးသူပိုများလာလို့
၁၅ ဦး၊ ၁၇ ဦး တစ်ခါတလေ ၂၀ လောက်ထိ ဟောပေးလာရတယ်” ဟု မန္တလေးမြို့မှ ဗေဒင်ပညာရှင်တစ်ဦးဖြစ်သော ဆရာကံမင်းကလည်း
ပြောပါသည်။
ရန်ကုန်မြို့လယ်ဆူးလေ ဘုရားလမ်းနှင့်ကုန်သည်လမ်းထောင့်ရှိ သစ်ပင်ရိပ်အောက် အုတ်ခုံပေါ်တွင်ထိုင်၍ ဗေဒင်ဟောပေးသော
ဆရာသိန်းသန်းသျှင်ကလည်း အစိုးရသစ်လက်ထက်တွင် ဗေဒင်လာမေးသူများလာကြောင်း ပြော၏။ ဆရာကြီးမင်းသိင်္ခ၏တပည့် တဲ့ရော့ဗေဒလက္ခဏာ
ဆရာမ ချစ်စုသွယ်ထံတွင်လည်း ဗေဒင်မေးသူ ယခင်ထက်ပိုများလာသည်။
စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေချိန် တစ်နှစ်ခွဲကျော်ကာလအတွင်း ဗေဒင်မေးသူများလာရခြင်း၏အကြောင်းရင်းကို ဗေဒင်ဆရာ၊
ဆရာမ ၇ ဦးကို မေးမြန်းရာအပြောင်းအလဲများကြား မိမိ၏ ကံကြမ္မာ ကြိုသိလိုသူများလာသည့်အပြင် ၎င်းတို့တစ်ဦးချင်း၏ အောင်မြင်မှုကြောင့်
လာမေးသူပရိသတ်တိုးလာခြင်းလည်း ပါသည်။ ဗေဒင်ဆရာတစ်ဦးချင်းစီတွင် ပင်တိုင်ဖောက်သည်များရှိရာ တစ်ဦးနှင့်တစ်ဦး ဟောရသော
လူတန်းစား မတူညီပေ။ ယခင်မေးမြန်းမှုနည်းသော်လည်း ပိုမိုပွင့်လင်းလာသော အစိုးရသစ်လက်ထက်တွင် မေးမြန်းမှု သိသိသာသာ များလာသော
အကြောင်းအရာမှာ နိုင်ငံရေးနှင့် အိမ်ထောင်ရေးဖြစ်သည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့မှာလည်း ယခင်ကဲ့သို့ပင် များနေဆဲ။
“အစိုးရသစ်နဲ့ အစိုးရဟောင်းလက်ထက် လာမေးတာ ကွာခြားတယ်ဗျ။ နံပါတ်တစ် အများဆုံးမေးတာ နိုင်ငံရေးနောက်ကြောင်း ပြန်သွားနိုင်လားလို့
၁၀၀ မှာ ၈၀ လောက် မေးကြတယ်။ ကမ္ဘာကအသိအမှတ်ပြုတဲ့ ဒီအပြောင်းအလဲတွေက ပြည်သူတွေအတွက်ရော ကောင်းနိုင်လားလို့မေးတယ်။
ဒီမေးခွန်းက ၁၀၀ ရာခိုင်နှုန်းလောက်မေးတယ်” ဟု နိုင်ငံတစ်ဝန်းလှည့်လည်ဟောပြောရသော ဆရာကံဇော်က အတွေ့အကြုံကို မျှဝေသည်။
ဆရာဇေယျာကိုကလည်း အစိုးရသစ်လက်ထက် မေးမြန်းမှုများလာသော အကြောင်းအရာကို အောက်ပါအတိုင်းဆိုသည်။
“အရင်က ဗိုလ်ချုပ်တွေမှ နိုင်ငံ့ခေါင်းဆောင် ဖြစ်နိုင်တာ။ အခုက ဒီမိုကရေစီခေတ်မှာ လူတိုင်းဖြစ်နိုင်တော့ ကိုယ့်ကံကြမ္မာသိချင်လို့ မေးသူတွေ၊
အနာဂတ်မှာ နေ၀င်ချိန် မရောက်ချင်တဲ့သူတွေ၊ ကံဇာတာပိုကောင်းချင်လို့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ်တွေက မေးတဲ့သူတွေ
များလာတယ်”
ယခုနောက်ပိုင်း နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်းတို့တွင် တာဝန်ယူနေသူ အချို့မှာ မိမိတို့၏ ကံဇာတာကို ပိုမိုသတိထား၍ စစ်ဆေးကြပြီး၊ အညံ့ရှိလျှင်
ကျော်လွှားနိုင်မည့်နည်းလမ်းကို စူးစမ်းကြသည်။ “ဗေဒင်နဲ့ နိုင်ငံရေးကတော့ ရောယှက်နေတာပဲ။ တက်လာတဲ့ အစိုးရအပေါ်မူတည်ပြီး အခါပေးတွေလည်း ပေါ်ထွက်တာပဲ” ဟု ဆရာဇေယျာကိုက ပြောသည်။
သို့သော် အုပ်ချုပ်သူ လူတန်းစားများအနေဖြင့် မင်းဆရာတစ်ဦးတည်းမဟုတ်ဘဲ ပညာရပ်ပိုင်းဆိုင်ရာ နယ်ပယ်စုံမှ အကြံဉာဏ်များ
ရယူသင့်ကြောင်းလည်း ၎င်းကအကြံပြုသည်။ ထို့အပြင် နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်အချို့မှာလည်း ၂၀၁၅ ရွေးကောက်ပွဲဝင်သင့်၊ မ၀င်သင့်
ဆုံးဖြတ်ရန် ယခုကတည်းက မိမိတို့ကံဇာတာကို စစ်ဆေးနေပြီဖြစ်သည်။ လူထုအတွင်း ဗေဒင်ကို ယုံကြည်သူနှင့် မယုံကြည်သူဟူ၍
နှစ်မျိုးနှစ်စားရှိသည်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူအစိုးရများ ကိုယ်တိုင် ဗေဒင်ကိန်းခန်းယတြာများကို အသုံးပြုကြသည်ဟု ဗေဒင်ပညာရှင်များက
ဆိုသည်။ လွတ်လပ်ရေး ရယူခဲ့သောအချိန်၊ ကြက်ဆူပင်စိုက်ပျိုးသောစီမံကိန်း၊ နိုင်ငံတော်အလံသစ် ပြောင်းလဲမှုစသော ဖြစ်ရပ်များမှာ
ဗေဒင်ကိန်းခန်းအရ တွက်ချက်ဆောင်ရွက်ခဲ့ကြောင်း ဗေဒင်ပညာရှင်အချို့က သုံးသပ်သည်။
“ဒီမိုကရေစီစနစ် အပြောင်းအလဲမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်လိုလမ်းကြောင်းတွေ၊ ဘယ်လိုအခွင့်အလမ်းတွေ ပေါ်လာမလဲဆိုတာ
လူနည်းစု စုံစမ်းတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ စုံစမ်းတုန်း” ဟု ဆရာဇင်ယော်နီကလည်း ပြောသည်။ သို့သော် ဆရာကြီးမင်းသိင်္ခ၏တပည့်
၎င်းထံတွင် အများဆုံးလာမေးကြသည်မှာ စားဝတ်နေရေးအတွက်ပင်ဖြစ်သည်။
ယခုနောက်ပိုင်း မေးမြန်းသူများလာသော နိုင်ငံရေးနှင့်ပတ်သက်၍ ဆရာဇေယျာကိုက ၂၀၁၂ တွင် ပုံမှန်ဖြစ်သော်လည်း ၂၀၁၃ မေလမှ
၂၀၁၄ မေအထိ အလားအလာသိပ်မကောင်းဟု ဟောသည်။ ၂၀၁၄ ဇူလိုင်ကျော်တွင်မှ နိုင်ငံရေးမှာ ထူးထူးခြားခြား ကောင်းမွန်မည်ဟု
ဆရာဇေယျာကိုက ပြောသည်။
“ရှားရှားပါးပါး နိုင်ငံရေးနောက်ကြောင်းပြန်၊ မပြန် မေးတာရှိတယ်။ မဟောဘူး။ ၀ါရင့်နိုင်ငံရေးသမားတွေ၊ ဆောင်းပါးရှင်တွေရေးတာ ဖတ်ဖို့ညွှန်းတယ်”
ဟု ဆရာသိန်းသန်းသျှင်က ၎င်း၏ အတွေ့အကြုံကို ပြန်ပြောသည်။
“အိမ်ထောင်ရေးဖောက်ပြန်လို့ မေးတာလည်းများတယ်။ တချို့က ယောက်ျားဖောက်ပြန်လို့၊ တချို့က မိန်းမဖောက်ပြန်လို့။ ယောက်ျားဖောက်ပြန်လို့
လာမေးတာ ပိုများတယ်။ မိန်းမဖောက်ပြန်တာ စီးပွားရေးမကောင်းလို့၊ ယောက်ျားဖောက်ပြန်တာ စီးပွားရေးကောင်းလို့။ လာမေးတဲ့သူတွေက
လိုအပ်တာလုပ်ပေးဖို့ပြောတယ်။ ဆရာကတော့ မေတ္တာပို့ခိုင်းတယ်။ မနောနဲ့ စကားပြောခိုင်းတယ်” ဟု ဆရာသိန်းသန်းသျှင်ကဆို၏။
အလားတူ ဆရာကံမင်း၊ ဆ ရာဇေယျာကိုတို့ထံတွင်လည်း အိမ်ထောင်ရေးနှင့်ပတ်သက်၍ မေးမြန်းသူများသည်။ “အိမ်ထောင်ရှိပြီးသား အမျိုးသားက
ကေတီဗီသွားလို့ လာမေးတာ၊ တခြားမိန်းမယူသွားလို့ လာမေးတာတွေလည်း များပါတယ်” ဟု ဆရာကံမင်းက ပြောသည်။ “အိမ်ထောင်ရေးနဲ့ပတ်
သက်လို့ပြောရရင် ဖောက်ပြန်ခံရလို့ မေးတာထက် ကိုယ့်ဟာကိုယ်ရှုပ်ပြီးလာမေးတာများတယ်။ အိမ်ထောင်ကွဲပြီး နောက်အိမ်ထောင်ပြုသင့် မသင့်။
ဒီယောက်ျားနဲ့ ကွဲသင့်လားဆိုတာမျိုးတွေ” ဟု ဆရာဇင်ယော်နီကလည်း ဆိုသည်။
ပိုမိုများပြားလာသော အိမ်ထောင်ရေးဖောက်ပြန်မှုကဲ့သို့သောပြဿနာမှာ မြန်မာသာမက ကမ္ဘာတွင်လည်း ပျံ့နှံ့နေသော ယဉ်ကျေးမှုဖြစ်လာ၍
ကာကွယ်ရန် တားဆီးရန် မလွယ်သော်လည်း မိသားစုအသိုက်အမြုံမပြိုကွဲအောင် အဓိကထား အကြံပြု ဆောင်ရွက်ပေးကြောင်း ဆရာဇေယျာကိုက
သူ၏အတွေ့အ ကြုံကို မျှဝေသည်။
ထို့အပြင် အိမ်ထောင်မပြုမီ တစ်သက်တာလက်တွဲရန် သင့်၊ မသင့်ကို နှစ်ဦးစလုံး၏ ကံဇာတာအား ပိုမိုစစ်ဆေးလာကြသည်။
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်ပထွက်ခွာရန် ကိစ္စတို့မှာ ယခင်ကကဲ့သို့ မေးမြန်းသူများဆဲဖြစ်သည်။ ကားဈေးများ ပြုတ်ကျသည်ကို
ကြုံရပြီးနောက် စီးပွားရေးလုပ်ငန်းရှင်ကြီးများလည်း ပိုမေးလာကြောင်း ဆရာဇေယျာကိုက ပြောသည်။
“ဒီနှစ်စပါး ရေနစ်မယ်၊ ကြက်သွန်ရေနစ်မယ်ဆို မစိုက်တော့ဘူး။ အခြားစီးပွားရေး ပြောင်းလုပ်ကြတယ်။ အဲဒီတော့ မဆုံးရှုံးတော့ဘူး။ စီးပွားရေးကို
ဗေဒင်မေးပြီးလုပ်တာ ပိုအောင်မြင်ပြီး ပိုများလာတယ်” ဟု ဆရာမချစ်စုသွယ်ကဆိုသည်။ ခေတ်ပြောင်းချိန် ကြုံရသောမေးခွန်းအသစ်များနှင့်
ပတ်သက်၍ ဒေါက်တာ ယတြာလေဒီကလည်း “နိုင်ငံခြားသားတွေနဲ့လက်တွဲလုပ်သင့်၊ မသင့်။ အမေရိကားကို သွားသင့် မသင့် မေးလာတာမျိုးတွေ
ကြုံရတယ်”
မန္တလေးမြို့မှ ဆရာကံမင်းကလည်း “မြေနဲ့ပတ်သက်လို့ တော်တော်များများ စိတ်ညစ်နေကြတယ်။ မြေဘယ်တော့ ရောင်းရမလဲမေးတာများတယ်” ဟု ပြော၏။ ဈေးနှုန်းအတက်အကျ ကြမ်းခဲ့သော ကား၊ အလုပ်အကိုင်၊ ကုန်ရောင်းကုန်ဝယ်၊ လုပ်ငန်းသစ် ထူထောင်ရန် သင့်၊ မသင့်၊ ရင်းနှီးမြှုပ်နှံဖို့
အချိန်ကောင်း၊ မကောင်းတို့မှာ စီးပွားရေးနှင့် ပတ်သက်၍ အများဆုံးမေးသော မေးခွန်းများပင်။ စီးပွားရေးနှင့် ပတ်သက်၍ လာရောက်မေးမြန်းသူများကို ခြုံငုံသုံးသပ်သောအခါ ၎င်းတို့မှာ စီးပွားရေး ပိုကောင်းလာကြောင်း ဆရာမချစ်စုသွယ်နှင့် ဆရာကံမင်းတို့က သုံးသပ်သည်။
သို့သော် ဆရာသိန်းသန်းသျှင်ကမူ “စီးပွားရေးက ပိုမပြေလည်ဘူး။ သူတို့ထင်ထားတာက အစိုးရပြောင်းရင် ပိုပြေလည်မယ် ထင်တာ။ ဒါပေမဲ့
မပြေလည်ဘူး။ မပြေလည်လို့ လာမေးကြတာများတယ်” ဟု သုံးသပ်သည်။ ၎င်း၏ ပရိသတ်များတွင် အခြေခံလူတန်းစားနှင့် လူလတ်တန်းစား
အများဆုံးဖြစ်သည်။ ရန်ကုန်တွင် နေထိုင်သူ သုံးပုံနှစ်ပုံ၊ နယ်မှသုံးပုံ တစ်ပုံရှိကြောင်းလည်း ၎င်းကဆိုသည်။
ပညာရေး၊ ဘ၀တက်လမ်းနှင့် ပြည်ပသွားရောက်ရန် သင့်၊ မသင့်တို့မှာလည်း ရှေ့ဖြစ်ဟော ပုဂ္ဂိုလ်တို့ အများဆုံးဖြေကြားရသော မေးခွန်းဖြစ်သည်။
မန္တလေးတက္ကသိုလ်အနီးတွင် ဟောခန်းဖွင့်ထားသော ဆရာကံမင်းကတော့ စာမေးပွဲကောင်းမွန်စွာ ဖြေနိုင်ရန်၊ ဖြေဆိုထားသော
စာမေးပွဲအောင်မြင်ရန် စသော မေးခွန်းများကို ကျောင်းသူ၊ ကျောင်းသားများကို အများဆုံးဖြေပေးရကြောင်း ပြောသည်။
“အခုနောက်ပိုင်း မိန်းကလေးတွေ နိုင်ငံခြားသွားတာများတယ်။ မသွားခင် မေးကြတယ်။ ယောက်ျားလေးတွေကော၊ မိန်းကလေးတွေကော
နိုင်ငံခြားသွားတာနဲ့ ပတ်သက်ပြီးတော့ အများဆုံးလာမေးကြတယ်” ဟု ဆရာမချစ်စုသွယ်ကလည်း ဆိုသည်။ ကျန်းမာရေးနဲ့ ပတ်သက်၍ အများဆုံးမေးမြန်းကြသူများမှာ လူကြီးပိုင်းအရွယ်ဖြစ်သည်။ သို့သော် ယခုနှစ်ပိုင်းတွင် ကျန်းမာရေးနှင့်ပတ်သက်၍ ထူးထူးခြားခြား အမေးများလာသောအကြောင်းအရာ တစ်ခုလည်း ရှိသည်။ “ကျန်းမာရေးမှာ အမေးအများဆုံးက ဆီးချိုပဲ။ လူ ၁၀၀ မှာ ၉၀ လောက်က ဆီးချိုနဲ့ ပတ်သက်ပြီးမေးကြတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ဆက်လက်ပြောသည်။ ဗေဒင်လာမေးသူများကို ခြုံငုံ၍သုံးသပ်ရလျှင် နိုင်ငံရေးစနစ်ပြောင်းသော်လည်း လူထုအများစုအတွက်အရေးကြီးဆုံးမှာ စားဝတ်နေရေးသာ ဖြစ်နေသေးကြောင်းလည်း ဆရာဇင်ယော်နီက သုံးသပ်သည်။
(မှတ်ချက်။ ။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို စာဖတ်ပရိသတ်များအတွက်ရှုထောင့်ပေါင်းစုံမှ တင်ပြခဲ့၊ တင်ပြနေဆဲဖြစ်ရာ ယခုဆောင်းပါးမှာ
ရှုထောင့်သစ်မှ တင်ပြထားခြင်းသာ ဖြစ်ပါသည်။ ဗေဒင်နှင့်ပတ်သက်၍ ယုံကြည်သူ၊ မယုံကြည်သူဟူ၍ရှိရာ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်)
အားမာန်
7Day News
No comments:
Post a Comment