ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် အထွေထွေဘာသာဗေဒဒီပလိုမာ (Diploma in General Linguistic) သင်တန်း စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ် ပြီး အချိန်ပြည့် (တစ်နှစ်)တက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အထွေထွေဘာသာဗေဒသင်တန်းတက်ရောက်ရန် နိုင်ငံတော်က အသိအမှတ်ပြုထားသော ၀ိဇ္ဇာဘွဲ့တစ်ခုရရှိရန် လိုအပ်ပြီး ယင်းဘာသာရပ်နှင့် ဆက် စပ်သော လုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်နေသူများလည်း လျှောက်ထားနိုင်သည်။
“အထွေထွေ ဘာသာဗေဒ သင်တန်းကို ဒီနှစ်ကျမှ စဖွင့်တာပါ။ တခြားတက္ကသိုလ်တွေမှာလည်း
ဖွင့်ထားတာ မရှိပါဘူး။ ဘာသာဗေဒဘာသာရပ်ဆိုတာ ဘာသာစကားကို သိပ္ပံနည်းကျ စနစ်တကျ လေ့လာတဲ့ပညာဖြစ်တယ်။ ဘာသာဗေဒအသိပညာကို အသုံးချပြီး ဘာသာစကားတွေကို ထိရောက်စွာ သင်ကြား၊ သင်ယူလေ့လာနိုင်စေဖို့၊ ဘာသာစကား သုတေသနတွေကို ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ။ အချိန်ပြည့် သင်တန်းဖြစ်တဲ့အတွက် သင်တန်းကြေးကတော့ တစ်လတစ်ထောင်ကျပ် ဖြစ်ပါတယ်”ဟု ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုတက္ကသိုလ်တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် တစ်နှစ်ကြာမြင့်မည့် အချိန်ပြည့်ဒီပလိုမာသင်တန်းအနေဖြင့် အင်္ဂလိပ်စာနှင့် အထွေထွေဘာ သာဗေဒသင်တန်းကို နံနက် ၉ နာရီမှ ညနေ ၃ နာရီ မိနစ် ၂၀ ထိနှင့် လေးနှစ်ကြာမြင့်မည့် အချိန်ပိုင်း ဒီပလိုမာသင်တန်းအနေဖြင့် တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှားနှင့် ထိုင်းဘာ သာသင်တန်းတို့ကို နံနက် ၇ နာရီ မှ ၈ နာရီ မိနစ် ၅၀ ထိ သင်ကြားပို့ချမည်ဖြစ်သည်။
သင်တန်းများကို တနင်္လာမှ သောကြာနေ့ထိ တက်ရောက်ကြရမည်ဖြစ်ပြီး သင်တန်းဝင်ခွင့် လျှောက်လွှာများအား နိုဝင်ဘာလ ၁၆ ရက် နောက်ဆုံး လျှောက်ထား၍ သင်တန်းဝင်ခွင့် စာမေးပွဲဖြေဆိုကြရမည်ဖြစ်သည်။
နေလင်းထွန်း
7Day News
No comments:
Post a Comment