Wednesday, November 7, 2012

 ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်က နိုဝင်ဘာလ ၁၆ ရက်နောက်ဆုံးထား၍ သမ္မတထံ ကြားဖြတ်အစီရင်ခံစာတင်မည်

ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်က နိုဝင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးထား၍ ကြားဖြတ်အစီရင်ခံစာ တင်သွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ပဋိပက္ခများဖြစ်ပွားခဲ့သည့် စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်နီမော်ဒေသများသို့ စက်တင်ဘာလ ၇ ရက်နေ့မှ ၁၅ ရက်နေ့အထိ သွားရောက်ကွင်းဆင်းကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် အောက်တိုဘာလ ၁၀ ရက် နေ့မှ ၁၂ ရက်နေ့အထိ စစ်တွေမြို့သို့ ထပ်မံသွားရောက်ကာ နှစ်ဖက်အဖွဲ့အစည်းများနှင့် သံဃာတော်များ၊ LNGO၊INGO များနှင့်တွေ့ဆုံကာ လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပထမအသုတ် ကွင်းဆင်းသုတေသနအဖွဲ့
အား အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း ကောင်း၊ ဒုတိယအသုတ်ကွင်းဆင်း သုတေသနအဖွဲ့အား အောက်တိုဘာလ ၂၄ ရက်နေ့တွင်လည်းကောင်း  စစ်တွေသို့သွားရောက်ကာ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ကွင်းဆင်းသုတေသန လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း၊ ယင်းခရီးစဉ်များမှ တွေ့ရှိချက်များကို အခြေပြု၍ လုပ်ငန်းဆောင်ရွက်မှု ကြားဖြတ်အစီရင်ခံစာကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ မတိုင်မီ တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
“ဒီဟာက ကြားဖြတ်အစီရင်ခံစာပေါ့နော်။ အပြီးသတ်တော့ မဟုတ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အခုနောက်တစ်ကြိမ် ထပ်ဖြစ်တယ်ဆိုတော့ အချက်အလက်တွေ ထပ်ပြီးယူဖို့ရှိတယ်လေ။ အဲဒီတော့ အဲဒါကို တင်ရင်းနဲ့ နောက်ထပ်လေးလ ရက်တိုးချဲ့ပေးဖို့ သမ္မတကြီးဆီမှာ ခွင့်တောင်းမယ်။ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ။ အဲဒီအထိလည်း ရောက်ချင်မှ ရောက်မယ်။ ပိုပိုမိုမို တောင်းထားတာပါ” ဟု ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်သန်းသန်းနုက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် အစ္စလာမ်ဘာသာရေး ကောင်စီဌာနချုပ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပယ်ခဲ့ကြောင်း သိရှိရပါ သည်။
“အန်တီတို့ ကော်မရှင်ဖွဲ့တယ်ဆိုတာက သမ္မတကြီးက ဖွဲ့ပေးတာလေ။ ထုတ်တယ်ဆိုတာလည်း သူပဲ ထုတ်လို့ရတယ်။ ကျန်တဲ့သူ ထုတ်တာမဟုတ်ဘူး။ ကော်မရှင်က ထုတ်တာလည်း မဟုတ်ဘူး။ သူတို့ကတော့ သူတို့သတ်မှတ်ထားတဲ့ ဘောင်ကျော်လို့ လို့ပြောတာပဲ” ဟု ဒေါ်သန်းသန်းနုက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်ကို ဆက်သွယ်မေးမြန်းခဲ့ရာ တွင်လည်း နိုင်ငံတော်သမ္မတရုံးက ထုတ်ခြင်းသာဖြစ်ပြီး ကော်မရှင်အနေဖြင့် ထုတ်ပိုင်ခွင့်မရှိသလို ခန့် ပိုင်ခွင့်လည်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် အဖွဲ့ဝင် ၂၇ ဦးဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Eleven Media Group

No comments:

Post a Comment