Wednesday, November 7, 2012

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့် ၊မဖြစ်ခွင့်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကျေးရွာငါးရွာတွင် စတင်စစ်ဆေး

မြန်မာနိုင်ငံသား ဖြစ်ခွင့်၊ မဖြစ်ခွင့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ကျေးရွာငါးရွာတွင် နိုဝင်ဘာလ ၆ ရက်မှ စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင် အဖွဲ့ဝင် ၁၈ ဦးပါဝင်ကြောင်း၊ ထိုအဖွဲ့ဝင်များတွင် လ၀က၊ နစက၊ စစ်တပ်၊ ရဲ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး အစရှိသူတို့အပြင် ရခိုင်ကိုယ် စားလှယ်နှင့် ဘင်္ဂါလီကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း သိရသည်။
“မနက်ဖြန်မှာစပြီး သွားကြမှာဖြစ်ပါတယ်။ ပေါက်တောမြို့နယ်
ဆင်တက်မော်(ဆင်နမော်)၊ ကြယ် နီပြင်၊ ငှက်ချောင်း၊ စစ်ကဲပြင်နဲ့ င၀က်ချောင်းရွာတွေမှာ စပြီးစစ်ဆေးမှာ ဖြစ်ပါတယ်။ အဲဒီကပြီးရင်တော့
စစ်တွေမှာလည်း လုပ်သွားမယ်၊ နေရာချထားရေးကိုတော့ ဘယ်လိုစီစဉ်မယ်ဆိုတာကို လောလောဆယ်ပြောဖို့ စောပါသေးတယ်။ နောက်မှဆုံးဖြတ်သွားမှာပါ” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့်  မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က နိုဝင်ဘာလ ၅ ရက်၌ ပြောကြားခဲ့သည်။
လက်ရှိရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း တည်ငြိမ်အေးချမ်းရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့တည်ငြိမ်နေမှုနှင့်အတူ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မည်သည့်ဘက်ကိုမျှ  သာစေနာစေဟု သဘောမထားဘဲ တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားဖြစ်ခွင့်ရှိသူများကို ဖြစ်ခွင့်ပေးပြီး ဖြစ်ခွင့်မရသူများကိုလည်း ဖြစ်ခွင့်ပေးမည်မဟုတ်ကြောင်း နယ်စပ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက နိုဝင်ဘာလ ၃ ရက်နေ့က မြို့မိမြို့ဖများ၊ ဘင်္ဂါလီဘာသာရေးခေါင်းဆောင်များနှင့် စစ်တွေမြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်အတွင်း မကြာသေးမီက နေအိမ်များ မီးရှို့မှုများ ဖြစ်ခဲ့သဖြင့် လက်ရှိတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့်အတွက် ပေါက်တောမြို့နယ်အတွင်းရှိ  ကျေးရွာအချို့တွင် ဘင်္ဂါလီများ စုဝေးနေထိုင်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့နေထိုင်ခြင်းအတွက် ရွာခံတိုင်းရင်းသားများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ထိုသို့ လျင်မြန်စွာစစ်ဆေးပြီး နိုင်ငံသား ဖြစ်ခွင့်ရှိသူများနှင့် ဖြစ်ခွင့်မရှိသူများကို နိုင်ငံတော်၏ အစီအမံအတိုင်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment