Wednesday, November 7, 2012

ကရင်နှင့် မွန်ပြည်နယ်တွင် နယ်လှည့်ကွင်းဆင်း ဆေးကုပေးမည်

လူမျိုးစုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း နယ်လှည့်ကွင်းဆင်း ဆေးကုသမှုပေးသည့် ၀န်ဆောင်မှုကို နိုဝင်ဘာ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ဒီပရောဂျက်က လူမျိုးစုပေါင်းစုံ စုနေတဲ့နေရာတွေကို ဦးတည်ထားတယ်။ နောက်ထပ်လည်း ရှမ်းပြည်နယ်ကို ထပ်တိုးချဲ့ဖို့ စီစဉ်ထားတယ်”ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဋ္ဌ ဒေါက်တာကျော်မြင့်နိုင်ကပြောသည်။
မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် ဂျပန်နိုင်ငံ
Nippon ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းကာလ ငါးနှစ်အတွင်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာတစ်သန်း အသုံးပြု၍ ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထိုမြို့နယ်၊ သံဖြူဇရပ်မြို့နယ်များအတွင်းရှိ ကျေးလက်ဒေသများအထိ သွားရောက်၍ အခမဲ့ဆေးကုသ၀န်ဆောင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာကျော်မြင့်နိုင်ကပြောသည်။
ထိုပြည်နယ်နှစ်ခုတွင် အခြေစိုက်၍ ကျေးရွာများသို့ နေ့စဉ်လှည့်လည် ဆေးကုသပေးမည်ဖြစ်ပြီး ဆေးရုံသို့ သွားရောက်ကုသရမည့် ရောဂါများရှိပါက သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်ကာ ဆေးရုံကုန်ကျငွေများအတွက်ပါ ကျခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဒေါက်တာတင်ဝင်းကျော်ကပြောသည်။
မြို့နယ်တစ်ခုချင်းစီတွင် ဆရာဝန်နှစ်ဦးအပါအ၀င် လူနာတင်ယာဉ်ပါ စီစဉ်ထားပေးထားပြီး ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့်အတူ မိခင်နှင့်ကလေး သေဆုံးနှုန်းအား လျှော့ချနိုင်ရန် အဓိကရည်ရွယ်ကြောင်း သတင်းရရှိသည်။

ဝတ်ရည်အောင်
7Day News

No comments:

Post a Comment