ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (EU)က ပို့ကုန်အပေါ် အခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP)ပေးပါက နောက်ပြန်ခံစားခွင့်ပါ
ထပ်မံရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကပြောကြားသည်။
ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်များအပေါ် ၂၀၁၃ မတ်လတွင် အခွန်သက်သာခွင့် ပေးမည်ဖြစ်သည်။ ထိုသို့အခွန်
သက်သာခွင့်ပြုရာတွင် ၂၀၁၂ ဇွန်လမှစတင်၍ ကျန်လများ၏ ပို့ကုန်များအပေါ် အခွန်ကောက်ယူထားမှုကိုလည်း ယင်းအချိန်တွင် ပြန်လည်ခံစားခွင့်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“မြန်မာနိုင်ငံအနေနဲ့ value added ပို့နိုင်ဖို့လိုတယ်။ ပစ္စည်းအမယ်သစ်တွေလည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်”ဟု ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ ညီလာခံမှ ၂၀၁၃ မတ်လတွင် ကျင်းပပြီးနောက် ယင်းညီလာခံ၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ အသိအမှတ်ပြုမှုကို အကောင်အထည်ဖော်ပြီး အခွန်သက်သာခွင့်ကို ပြန်လည်ပေးရန်ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးနှင်းဦးက ရှင်းပြသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် (LDC)ဖွံ့ဖြိုးမှု အားအနည်းဆုံးနိုင်ငံများ စာရင်းဝင်နိုင်ငံမှ ပို့ကုန်များအပေါ် (GSP) အခွန်သက်သာခွင့် အထူးအခွင့်အရေးပေးသည်။ ယင်းခွင့်ပြုချက်မရပါက ဥရောပနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့မည်လျှင် အခွန် ၁၃ ရာခိုင်နှုန်းကျော် ပေးရသည်။
လက်ရှိ ဥရောပသမဂ္ဂနိုင်ငံများသို့ မြန်မာနိုင်ငံမှ တင်ပို့မှုအများစုမှာ စက်မှုထုတ်ကုန်များဖြစ်ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၁၄၄ သန်းကျော်ရှိကြောင်း အကောက်ခွန်ဌာန၏ စာရင်းများအရသိရသည်။
ပြည်သိမ်း
7Day News

No comments:
Post a Comment