Friday, November 2, 2012

အင်းအချို့တွင် အင်းသူကြီးနှင့် ဒေသခံရေလုပ်သားများ ပဋိပက္ခဖြစ်ပွား

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အင်းသူကြီးများ လုပ်ပိုင်ခွင့်ရသော အင်းများတွင် ဒေသခံရေလုပ်သားများနှင့် ပဋိပက္ခများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံးရှိ အင်းအားလုံး၏ ၄၇ ရာခိုင်နှုန်းကျော် ၁၇၈၁ အင်းရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ဒုတိယအင်းအများဆုံးရှိပြီး ၆၈၈ အင်းရှိသည့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပဋိပက္ခအများဆုံး ကြုံတွေ့နေရသည်။
“ကျွန်တော့်အင်းကို ငါးမျိုးတွေစိုက်ထည့်ပြီး မွေးထားပေမယ့် ရွာသားတွေ ၀င်ဖမ်းကြတဲ့အခါ သူတို့ကို တရားစွဲတော့ ဆန္ဒပြကြတယ်။ အုပ်ချုပ်ရေးပိုင်းက လူတွေကလည်း ပြန်လွှတ်ပေးဖို့ ၀င်ညှိပေးပြီးနောက်ပိုင်းမှာ
အစုအဖွဲ့ဖွဲ့ပြီး အင်းကိုလွှဲပေးလိုက်ရတော့မယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှ အင်းသူကြီးလုပ်သက်ငါးနှစ်ရှိခဲ့သော ဦးမောင်စန်းကပြောသည်။
ဓနုဖြူမြို့နယ်အတွင်းရှိ အကျော်ချောင်းမအင်းကိုလည်း စက်တင်ဘာ ၄ ရက်တွင် အင်းသူကြီးထံမှ ဒေသခံအစုအဖွဲ့လက်သို့ လွှဲပြောင်းပေးလိုက်ရကြောင်း ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူးဦးစိုးမြတ်ကျော်ကပြောသည်။
မအူပင်မြို့နယ်အတွင်းရှိ အမှတ် ၂၁၆-၂၁၇ အင်းသေးထုံးဝိုင်းကြီးအင်းနှင့် ပတ်သက်၍ “အောက်ခြေက ရေလုပ်သားအစုအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး အင်းသူကြီးဦးအေးမြင့် ကိုယ်တိုင်က လွှဲပြောင်းပေးလိုက်တာပါ။ ဒီနှစ်ထဲမှာ ခဏခဏပြဿနာတွေဖြစ်ပြီး လူစုလူဝေးနဲ့ဖြစ်နေကြလို့ ခရိုင်အုပ်ချုပ်ရေးရှေ့မှခေါ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းပေးလိုက်တယ်”ဟု မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးစိန်သောင်းကပြောသည်။
အောက်တိုဘာ ၂၂ ရက် ည ၁၁ နာရီအချိန်က လူအင်အား လေးငါးဆယ်ခန့်သည် အင်းသူကြီးပိုင်သော အင်းတဲနားအထိ ရောက်လာကြကာ ဘက်ထရီလျှော့တိုက်စက်များ အသုံးပြု၍ ငါးများရှာယူသွားကြကြောင်း ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ လှဘီလူး၊ နိဗ္ဗန်ပေါက်အင်းချက် အင်းသူကြီးဦးလှအုန်းက ပြောသည်။
အဆိုပါ အင်းချက်သည် ချောင်းရိုးအရှည်သုံးမိုင်ခန့်ရှိကာ သုံးနှစ်ဆက်တိုက် လေလံအောင်ထားသူ သနတ်ပင်မြို့နယ်သား ဦးလှအုန်းတစ်ဦးတည်း လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ အင်းအနီးရှိ ဒေသခံရေလုပ်သားများအား ရိုးလက်တက်များတွင် ငါးရှာဖွေခွင့်ပြုထားသည်ဆိုသော်လည်း ရေစီးနှေးသော ချောင်းမအတွင်းတွင်သာ ငါးများပေါများစွာရှိနေကြောင်း တွေ့ရှိရသည်။
ယခုဘဏ္ဍာနှစ်အတွင်းမှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အင်းသူကြီးများ လုပ်ပိုင်ခွင့်ရထားသော ကြေးတိုင်အင်းများအား ဒေသခံရေလုပ်သား အစုအဖွဲ့များသို့ လွှဲပြောင်းပေးအပ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ အဆိုးရွားဆုံးဖြစ်ရပ်မှာ အင်းသူကြီးက ဒေသခံရေလုပ်သား သမ၀ါယမအစုအဖွဲ့သို့ လွှဲပေးပြီးကာမှ အခြားရေလုပ်သားများနှင့် အစုအဖွဲ့များကြား ထပ်မံပဋိပက္ခဖြစ်ကာ ရဲက၀င်ရောက်ရှင်းရာမှ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ဒါက သက်ဆိုင်ရာအာဏာပိုင်တွေက ပြဿနာမကြီးထွားခင်မှာကတည်းက ရှင်းရမှာကို အချိန်မှီမရှင်းတော့ အခုလိုမျိုးကြုံတွေ့ခဲ့ရတာ သင်ခန်းစာပေါ့။ အဲဒီလို ပြဿနာမျိုးတွေကို သေချာမကိုင်တွယ်တတ်ရင် နောင်မှာ တရားဥပဒေစိုးမိုးမှု လျော့ရဲပြီး ဒါမျိုးတွေ တစ်နိုင်ငံလုံးမှာ ထပ်ဖြစ်လာမှာ စိုးရိမ်စရာပဲ”ဟု ပဲခူးမြို့မှ ရှေ့နေဦးအေးမြင့်ကပြောသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးသောင်းက အင်းသားကြီးနှင့် ရေလုပ်သားများအကြား ဖြစ်ပေါ်လာသော ပဋိပက္ခများကို ညှိနှိုင်းပေးသောအခါတွင် အင်းသားကြီးများက ဆက်လက်မလုပ်ကိုင်လိုတော့သည့်အခါမှသာ ရေလုပ်သားများအား သမ၀ါယမအစုအဖွဲ့ ဖွဲ့ခိုင်းပြီး နိုင်ငံတော်သို့ အင်းသားကြီး သွင်းထားသောငွေကို ပြန်ပေး၍ လုပ်ကိုင်စေကြောင်း ပြောသည်။

သန်းဌေး
7Day News

No comments:

Post a Comment