မြန်မာနိုင်ငံ၏ အဓိက ပဲဝယ်လက်ဖြစ်သော
အိန္ဒိယနိုင်ငံတွင် ပဲဈေးနှုန်းများ မြင့်တက်လာသဖြင့် ပြည်တွင်းဈေးကွက်
ပဲအရောင်းအ၀ယ်နှင့် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း
ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှ ကုန်သည်များကပြောသည်။
“ဟိုဘက်အခြမ်းမှာလည်း ဈေးကွက်က ရောင်းအားကောင်းနေလို့ ဈေးနှုန်းတွေ တက်ပေးလိုက်တာကြောင့် ပြည်တွင်းဈေးတွေလည်း တက်လာတာ။ ဈေးအတက်ပြလိုက်တော့ ရောင်းထားတဲ့သူတွေက ပြန်ဝယ်လို့ အရောင်းအ၀ယ်ကောင်းလာတဲ့ သဘောပဲ”ဟု ပဲကုန်သည်တစ်ဦးကပြောသည်။
လက်ရှိ
အရောင်းအ၀ယ်ပြုလုပ်နေသော ပဲဈေးနှုန်းများသည် မတ်ပဲ RC တစ်တန်လျှင် ကျပ် ၅၀၀၀၀၀ အောက် ကျဆင်းသွားရာမှ ၅၁၀၀၀၀ ကျပ်သို့လည်းကောင်း၊ SQ မှာ တစ်တန်လျှင် ၅၄၀၀၀၀ ကျပ်ဝန်းကျင်မှ ၅၇၀၀၀၀ ကျပ်ထိ မြင့်တက်လာသကဲ့သို့ ပဲစင်းငုံဈေးနှုန်းမှာလည်း တစ်တန်လျှင် ၅၆၀၀၀၀ ကျပ်ဝန်းကျင်မှ ၅၈၅၀၀၀ ကျပ်ထိ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည်။ ခရမ်းရွှေဝါမှာ ဈေးနှုန်းအတက်အကျနည်းပြီး အချိန် ၆၀ ၀င် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
ပဲဈေးနှုန်းများ မြင့်တက်သော်လည်း FOB ပဲကုန်သည်များမှာ ဈေးတက်သည့်အချိန်တွင် ပစ္စည်းအပ်ကာလဖြစ်နေ၍ အရှုံးများနေကြောင်း ပဲကုန်သည်များကပြောသည်။
ဈေးကွက်တွင်း အရောင်းအ၀ယ်ပြုလုပ်သည့် ပဲနည်းနေသဖြင့်လည်း ပစ္စည်းထွက်လာရန် ဈေးပိုပေး၍ ၀ယ်ယူနေခြင်းကြောင့် ပဲဈေးနှုန်းများသည် များစွာမြင့်တက်ခြင်း မရှိနိုင်ကြောင်း ပဲကုန်သည်များက ခန့်မှန်းပြောသည်။
လက်ရှိတွင် ပြည်ပဈေးကွက်၌ ဈေးနှုန်းတက်၍သာ ဈေးတက်ဝယ်ခြင်းဖြစ်ပြီး နိုင်ငံခြားဝယ်လက် အ၀ယ်လိုက်လာခြင်း မရှိသေးကြောင်း ပဲကုန်သည်များကပြောသည်။
သိမ့်သိမ့်စိုး
7Day News

No comments:
Post a Comment