Friday, November 2, 2012

တစညပါတီတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း မလိုသေးဟုဆို

အင်အားကြီးပါတီတစ်ခုဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် အခြားသောပါတီများကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန်မလိုအပ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဗဟိုအလုပ်အမှုဆောင်ဦးထွန်းရီက ပြောသည်။
“တခြားပါတီတွေလို ပြန်လည်ဖွဲ့စည်းရေးလုပ်စရာမလိုဘူး။ ၂၀၁၁ မေလကတည်းက ညီလာခံကဲ့သို့ ဗဟိုကော်မတီအစည်းအဝေး လုပ်ပြီးတော့
ဆောင်ရွက်နေတာ” ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင်
အင်အားကြီးပါတီများဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ညီလာခံကျင်းပနိုင်ရန် ရပ်/ကျေးအဆင့် ညီလာခံများကျင်းပနေသကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်လည်း ပါတီတွင်း ပြောင်းလဲမှုများကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည်။
၂၀၁၁ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ
ပြုပြင်ပြောင်းလဲရေးများကို အဆင့်ငါးဆင့်သတ်မှတ်လုပ်ဆောင်ရာတွင် နောက်ဆုံးအဆင့်ဖြစ်သော ရပ်ကျေးအဆင့် ဖွဲ့စည်းမှုများကို
လာမည့်ဒီဇင်ဘာလ နောက်ဆုံးဖွဲ့စည်းရန် ညွှန်ကြားထားသည်။
“၂၀၁၂ မှာ ပါတီဖွဲ့စည်းပုံအဆင့်ဆင့်ဖွဲ့စည်းပြီးရင် ၂၀၁၃ ကစပြီး ၂၀၁၅ အောင်နိုင်ရေးကို ရှေးရှုပြီးဆောင်ရွက်သွားမှာ”ဟု ဦးထွန်းရီက
ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၉၉၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ
ပြည်သူ့လွှတ်တော်တွင် ၁၂ နေရာ၊ အမျိုးသားလွတ်တော်တွင် ၅နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၄၇ နေရာအနိုင်ရရှိခဲ့သည်။

ရန်မျိုးနိုင်
7Day News

No comments:

Post a Comment