ရခိုင်ဒေသနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှု လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် ရန်ကုန်ရောက်
ရခိုင်တိုင်းရင်းသားများက ရခိုင်ကွန်ရက်အဖွဲ့ကို အောက်တိုဘာ ၂၈ ရက်တွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
“ရန်ကုန်က ရခိုင်လူမှုရေး အဖွဲ့တွေ၊ မြို့နယ်အသင်းတွေရှိတယ်။ နောက်ပြီး ရခိုင်ဒေသ ကူညီကယ်ဆယ်ရေးအတွက် ဖွဲ့ထားတာ ၄၅ ဖွဲ့လောက်ရှိတယ်။ ဒီအဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်ပြီး ကူညီထောက်ပံ့မှုတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့၊
ဥပဒေဘောင်ထဲကနေ ဥပဒေနဲ့အညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ ဖွဲ့စည်းလိုက်တာပါ” ဟု အဆိုပါဝန်ကြီးက ပြောသည်။
ရခိုင်ဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းစေရန်နှင့် ၎င်းပဋိပက္ခကြောင့် အတိဒုက္ခရောက်ရသူများအား ကူညီကယ်ဆယ်ရေး
လုပ်ငန်းများ ထိရောက်စွာ စုစည်းဆောင်ရွက်နိုင်ရန် ကွန်ရက်ကို ဖွဲ့စည်းထူထောင်ခြင်းဖြစ်ပြီး ရခိုင်ဒေသနှင့် ပတ်သက်သည့် ပြောရေးဆိုခွင့်
အဖွဲ့ကိုလည်း ထူထောင်လိုက်ပြီဖြစ်ကြောင်း ဦးဇော်အေးမောင်က ဆို သည်။
“ဒီအချိန်မှာ ကျွန်တော်တို့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လုပ်ရမယ့် အချိန်ရောက်ပြီ။ လုပ်သင့်လို့ လုပ်လိုက်တာပဲ” ဟု ကွန်ရက်ထူထောင်ရခြင်းနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကပြောသည်။
အဆိုပါ ကွန်ရက်ကို ကွန်ရက်ဝင် ၁၅၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ပြောရေးဆိုခွင့်အဖွဲ့ကို အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ အဆိုပါ
အဖွဲ့ဝင်များတွင် ဒေါက်တာအေးမောင်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်နုမြဇံ(ဒုတိယညွှန်ကြားရေးမှူး ချုပ်-ငြိမ်း)၊ ဦးဘရှင်
(ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်)၊ ဦးဇော်အေးမောင်(ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး)၊ ဦးသန်းမောင်(စစ်တွေ- ဥပဒေပညာရှင်)၊
ဦးအောင်လှထွန်း (သတင်းထောက်) အစရှိသူများပါဝင်ပြီး လိုအပ်သော ရခိုင်လူမျိုးပညာရှင်များကို ထည့်သွင်းဖွဲ့စည်းသွားမည်ဟု
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။
“အခုက နိုင်ငံတကာအဖွဲ့အစည်းတွေ လာတာပဲဖြစ်ဖြစ်၊ တစ်စုံတစ်ခုကြောင့် ကျွန်တော်တို့ လူမျိုးနဲ့ပတ်သက်တာပဲဖြစ်ဖြစ် ပြောဆိုချင်ရင်
သတ်သတ်မှတ်မှတ် ပြောရမယ့်သူက မရှိဘူး။ အဲဒါကြောင့် ပြောရေးဆိုခွင့် အဖွဲ့ကို ဖွဲ့လိုက်တာ။ ဒီအဖွဲ့က ရခိုင်နဲ့ပတ်သက်တဲ့ သမိုင်းကြောင်း
အမှန်တွေ၊ လက်ရှိဖြစ်ပွားနေတဲ့ ဖြစ်စဉ်အမှန်တွေကို ပြည်သူလူထုတွေ သိဖို့အတွက် အချက်အလက် အမှန်တွေရအောင် စုဆောင်းမယ်” ဟု
အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။
မင်းဟိန်းကျော်
7Day News

No comments:
Post a Comment