FTTx စနစ်တွင်ပါဝင်သော VOIP ဖုန်းလိုင်းကို လက်ရှိတွင်
ကြိုတင်ငွေပေးကတ်စနစ်အဖြစ်သို့ ပြောင်းမည်မဟုတ်ဘဲ၊ ဘီလ်စနစ်ဖြင့်သာ
သွားမည်ဖြစ်ကြောင်း သိရသည်။ “လောလောဆယ် ကြိုတင်ငွေပေးကတ်စနစ် ပြောင်းဖို့
အစီအစဉ်မရှိသေးပါဘူး။
ဘီလ်စနစ်နဲ့ပဲ သွားမှာပါ။ လစဉ်ကြေးနဲ့ ဖုန်းဘီလ်အတွက် ကျသင့်ငွေတွေကို
ပုံမှန်အတိုင်းပဲ ကောက်ခံနေတာဖြစ်ပါတယ်” ဟု Elite Tech IT Services ကုမ္ပဏီ
FTTx ဌာနမှ တာဝန်ရှိသူကပြောသည်။ အဆိုပါ VOIP (Voice Over Internet
Protocol) ဖုန်းလိုင်းမှာ ပြည်တွင်းပြည်ပခေါ်ဆိုခြင်း၊ Video Call၊ Fax
Service၊ Caller ID စသည့် ၀န်ဆောင်မှုများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာခေါ်ဆိုမှု (I.D.D)
စနစ် ဖွင့်လိုသူများအနေဖြင့် သီးခြားလျှောက်လွှာ
တင်ရမည်ဖြစ်ကြောင်း အဆိုပါခေါ်ဆိုမှုအတွက် ကျသင့်သော အခွန်အခများအား FEC
ဖြင့် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ ၎င်း VOIP ခေါ်ဆိုမှုမှာ တစ်မိနစ်လျှင် ၅၀
ကျပ်ဖြစ်သည်။ “VOIP မှာ ကျွန်တော်တို့ပေးတဲ့ Devices က
ဖုန်းလိုင်းနှစ်လိုင်း သုံးလို့ရတယ်။ ဒါပေမဲ့ လောလောဆယ် ခွင့်ပြုထားတာက
တစ်လိုင်းပဲဖြစ်ပါတယ်။ လက်ရှိ ဖုန်းလိုင်းယူထားတဲ့သူတွေနဲ့ Extension
ခွဲတာက ဘယ်နှစ်လိုင်းခွဲခွဲ ပြဿနာမရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ VOIP
ခေါ်ဆိုခအား တစ်မိနစ်လျှင် ၅၀ ကျပ်ထက် ဈေးနှုန်းလျှော့ချသတ်မှတ်ရန် လတ်တလော
အစီအစဉ်မရှိသေးကြောင်း သိရသည်။ “နောက်ပိုင်း ၀န်ဆောင်မှုတွေ
အပြန်အလှန်ဖြစ်လာတဲ့အခါ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးတွေကတော့
ဝန်ဆောင်မှုအပေါ်လိုက်ပြီး လျှော့ချလာကြမယ်လို့ မျှော်လင့်ရပါတယ်။
ကျွန်တော်တို့အနေနဲ့လည်း ကြိုးစားနေပါတယ်” ဟု ၎င်းကဆိုသည်။ ၎င်း FTTx စနစ်မှာ
အင်တာနက်၊ VOIP ဖုန်းလိုင်း၊ ရုပ်သံလိုင်းများပါဝင်သော Tripe play
ဝန်ဆောင်မှုဖြစ်ပြီး ဖုန်းလိုင်းတစ်လိုင်း ထပ်တိုးမည်ဆိုပါက တပ်ဆင်ကြေး၊
နှစ်စဉ်ကြေးအပါအ၀င် စုစုပေါင်း တစ်သိန်းတစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း
သိရသည်။ လက်ရှိ Elite Tech IT Services ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့အတွင်း
၁၆ မြို့နယ်တွင် ၀န်ဆောင်မှုပေးလျက်ရှိပြီး လတ်တလော အင်တာနက်နှင့်
ဖုန်းလိုင်းနှစ်မျိုးသာ ပါဝင်သေးသည်။ ထပ်မံတိုးချဲ့မည့် IPTV
ရုပ်သံလိုင်းများတွင် အခမဲ့ရုပ်သံလိုင်း နှစ်လိုင်းနှင့် အခပေးရုပ်သံလိုင်း
၁၈ လိုင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Internet Journal
ထွန်းထွန်း၊မိုးသူ
No comments:
Post a Comment