အမေရိကန်ရဲ့ အမိမြေလုံခြုံရေး ၀န်ကြီးဌာနဟာ ၉/၁၁
တိုက်ခိုက်မှုပြီးနောက်ပိုင်း ပြင်ပမှနိုင်ငံအပေါ် ရုတ်တရက်
တိုက်ခိုက်မှုတွေကို ကာကွယ်တုံ့ပြန်နိုင်ဖို့ တည်ထောင်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အမိမြေလုံခြုံရေးဌာနရဲ့ဝန်ကြီး ဂျနက်နပိုလီတာနိုလောက်
စိန်ခေါ်မှုပြင်းထန်တဲ့ အလုပ်မျိုးကို လုပ်နေရသူ လူများများစားစားမရှိတာ
အသေအချာပါ။ မစ္စနပိုလီတာနိုဟာ ဒီအပတ်အတွင်း ဥရောပသို့ ခရီးတစ်ခုထွက်လာခဲ့ရာ
ယူရိုသတင်းဌာနဟာ ဥရောပမဟာမိတ်တွေနဲ့ အမေရိကန်ရဲ့
ပူးပေါင်းဆောင်ရွက်မှုအကြောင်း၊ အမေရိကန်ရဲ့လုံခြုံရေးအကြောင်းတွေကို
မေးမြန်းခဲ့ပါတယ်။ မေးမြန်းသူက ယူရိုသတင်းမှ နီယယ်အိုရိုင်လီဖြစ်ပါတယ်။
ဝန်ကြီးခင်ဗျာ ၀န်ကြီးဟာ အခုဒီဥရောပရောက်စဉ်မှာ ဥရောပ၀န်ကြီးတွေနဲ့
လုံခြုံရေးဆိုင်ရာကိစ္စတွေလည်း ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ အရင်ဆုံးအနေနဲ့
နိုင်ငံရေးကိစ္စကို မေးခွင့်ရရင် မေးချင်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ
(ရီပက်ဘလေကန်သမ္မတလောင်း) မစ်ရွမ်းနေက သူ့အနေနဲ့ ကာကွယ်ရေးနဲ့
အခြားကိစ္စတွေမှာ အသုံးစရိတ်ပိုတိုးမယ်လို့ ပြောနေပြီး သမ္မတ(အိုဘားမား)ကတော့
အများကြီး ဖြတ်တောက်မယ်လို့ ပြောနေပါတယ်။ အမေရိကန်ဟာ
မစ်ရွမ်းနေလက်အောက်မှာ ပိုလုံခြုံမလား။
လုံခြုံရေးကိစ္စဟာ တကယ်ပဲ ပါတီစွဲမထားဖို့ လိုအပ်တဲ့
ကိစ္စတစ်ခုဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။ ဒီကိစ္စက နိုင်ငံကို
လုံခြုံအောင်လုပ်ဖို့ လိုအပ်တဲ့အရာ၊ လုံခြုံရေးစွမ်းရည်ကို
ထိန်းသိမ်းရမယ့်အရာပါ။ ဒါဟာ ကာကွယ်ရေးဘတ်ဂျက် သုံးစွဲတဲ့ကိစ္စမှ မဟုတ်ပါဘူး။
ဥပဒေသက်ရောက်စေမှုနဲ့ အခြားသော လုံခြုံရေးအသုံးစရိတ် သုံးစွဲပုံတွေလည်း
ဖြစ်ပါတယ်။ ဒါကြောင့် အဲဒါကပဲ ကျွန်မတို့ အာရုံစိုက်နေတဲ့အရာဖြစ်ပြီး
ကျွန်မရဲ့အနေအထားနဲ့ ပတ်သက်လို့ စိတ်ကျေနပ်စရာ အကောင်းဆုံးအရာတွေထဲက
တစ်ခုကတော့ အမိမြေလုံခြုံရေးဌာနကို ကြီးကြပ်နေတဲ့ အထက်လွှတ်တော်ထဲက ကော်မတီက
ပါတီနှစ်ရပ် မျှတစွာတွဲဖက်ထားတဲ့ အခြေခံပေါ်မှာ လည်ပတ်နေတာပါ။ ကော်မတီဟာ
တကယ်ပဲ ဘယ်ဟာက အကောင်းဆုံးအဖွဲ့အစည်းလဲ၊ ကျွန်မတို့ အကောင်းဆုံးဖြစ်အောင်
ဘယ်လိုလုပ်နိုင်မလဲဆိုတာတွေအပေါ် အာရုံစိုက်နေပါတယ်။
ဝါရှင်တန်ရဲ့ခေါင်းဆောင်ပိုင်း အများစုယုံကြည်တာကလည်း ဒီလိုမျိုး
သဘောတူညီမှု ရလိမ့်မှာပဲရယ်လို့ ဖြစ်တယ်။ ဒါပေမဲ့ သူတို့မလုပ်နိုင်ရင်တော့
ကျွန်မတို့ဟာ ဖြတ်တောက်မှုတွေ ရင်ဆိုင်ရမယ်။ ဒါဆိုဆိုလိုတာက ကျွန်မတို့ဟာ
လေဆိပ်တွေမှာ ဓာတ်မှန်နည်းနည်းပဲ ထားနိုင်တော့မယ်။ ဆိပ်ကမ်းတွေမှာ
စစ်ဆေးရေးမှူးတွေ နည်းနည်းပဲထားနိုင်မယ်။ နယ်စပ်ဌာနတွေကို စောင့်ကြည့်နေတဲ့
အရာရှိတွေ နည်းသွားမယ်ဆိုတာပဲ။ ဒါကြောင့် ဒီကိစ္စက ကျွန်မတို့ရဲ့
လုံခြုံရေးနဲ့ ပတ်သက်လို့ လက်ရှိအားထုတ်မှုတွေကို
အကျိုးသက်ရောက်လာပါလိမ့်မယ်။
လက်ရှိအချိန်အထိပေါ့။ အမေရိကန်နဲ့ ဥရောပတို့ဟာ (လုံခြုံရေးအတွက်)
သတင်းအချက်အလက် ဖလှယ်ရေးမှာ ပေါင်းစည်းနိုင်မှု
ပူးပေါင်းဆောင်ရွက်နိုင်မှုကို တွေ့ပါပြီလား။
ကျွန်မတို့ ဥရောပနဲ့ရော ပြင်သစ်နဲ့ပါ ကောင်းမွန်တဲ့
ပူးပေါင်းဆောင်ရွက်မှုတွေ ရှိထားပါတယ်။ တကယ်ပဲ ကျွန်မတို့ ပြောနေတာကတော့
ဒီပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးအားကောင်းခိုင်မာအောင်
ဘယ်လိုလုပ်မလဲပေါ့။ တစ်ချိန်တည်းမှာပဲ လူမှုလွတ်လပ်ခွင့်တွေနဲ့
ကိုယ်ရေးကိုယ်တာ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ လိုတယ်လို့
အသိအမှတ်ပြုရင်းနဲ့ပေါ့လေ။ ကျွန်မတို့ဟာ ဥရောပသမဂ္ဂနဲ့အတူ
လေကြောင်းခရီးသည်တွေရဲ့ သတင်းအချက်အလက်တွေကို အချို့သော အခြေအနေတွေမှာ
ဖလှယ်ဖို့ သဘောတူညီမှု ရထားပြီးပါပြီ။
တစ်ခါတလေမှာ ၀န်ကြီးအနေနဲ့ ဥရောပနိုင်ငံတွေအကြား ပိုပြီးခိုင်ခိုင်မာမာ
ပေါင်းစည်းဖို့လိုလားနေပါသလား။ ဘာကြောင့်လဲဆိုတော့ သိတဲ့အတိုင်း နိုင်ငံ
၂၇ နိုင်ငံက ပေါ်လစီအမျိုးမျိုးဆိုတော့လေ။ ဥရောပကို အမေရိကန်အတွက်
တစ်ဦးတည်းသော မိတ်ဖက်အနေနဲ့ ဆက်ဆံနိုင်ရေးမှာ သူတို့ဆီမှာ ဘုံကာကွယ်ရေးနဲ့
လုံခြုံရေးအနေအထားတစ်ရပ်မျိုးရှိတာ ၀န်ကြီး မမြင်ချင်ဘူးလား။
ဟုတ်ကဲ့။ ကျွန်မလည်းထင်ပါတယ်။ ကျွန်မလည်း အခုဆို ရာထူးမှာ
လေးနှစ်နီးပါးရှိပြီဆိုတော့ ဒီကိစ္စမှာ လှုပ်ရှားမှုတော့ မြင်နေရပါတယ်။ ဒါဟာ
သဘာဝကျတဲ့ကိစ္စလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အမေရိကန်မှာလည်း ပြည်နယ်
၅၀ နဲ့ ဆက်နွှယ်လုပ်ကိုင်နေရတာပါ။ ဒီပြည်နယ်အားလုံးမှာ ဥပဒေ၊ စည်းကမ်းနဲ့
လုပ်ထုံးလုပ်နည်းအမျိုးမျိုးရှိပါတယ်။ ဒီတော့ ကျွန်မတို့ လုပ်နိုင်တဲ့
တစ်ခုသောအရာက ပြောင်းလွယ်ပြင်လွယ်ရှိဖို့ပါ။
အမိမြေလုံခြုံရေးဌာနကို ၉/၁၁ ဖြစ်စဉ်အပြီးမှာ တည်ထောင်ခဲ့တယ်။ ဒီဌာနဟာ
ဘယ်လောက်ကြီးထွားတိုးတက်လာခဲ့ပြီလဲ။ အမေရိကန်နိုင်ငံတွင်းက
ကွဲပြားခြားနားတဲ့ လုံခြုံရေးဌာနတွေကြားမှာ သတင်းအချက်အလက်မျှဝေတာ
ဘယ်လိုနေလဲ။ ဖြစ်သင့်တဲ့အတိုင်း ဖြစ်နေတယ်ဆိုပြီး ၀န်ကြီး ကျေနပ်မိပါသလား။
ဟုတ်ကဲ့။ ကျွန်မတို့ ဘယ်တော့မှ စိတ်ကျေနပ်မှုမရှိပါဘူး။
ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ဘယ်တော့မှ အလုပ်မပြီးပြတ်လို့ပါ။
ခြိမ်းခြောက်မှုတွေ ဆက်ဖြစ်နေပါတယ်။ အချက်အလက်တွေစုစည်းဖို့၊ ဆန်းစစ်ဖို့
တီထွင်မှုရှိတဲ့ နည်းပညာတွေ လိုအပ်နေပါတယ်။ ဒါပေမဲ့ ဌာနတွင်း သတင်းအချက်အလက်
ဖလှယ်မှုကတော့ ပြီးခဲ့တဲ့ ငါးနှစ်ကထက် ပိုကောင်းလာပါတယ်။
၉/၁၁ တိုက်ခိုက်မှုကာလတုန်းက (အမေရိကန်)လုံခြုံရေးအဖွဲ့တွေကြားမှာ
ပြိုင်ဆိုင်မှုတစ်ခုရှိခဲ့တယ်။ အခုတော့ ပျောက်သွားပါပြီ။ ၀န်ကြီးအနေနဲ့
အဲဒီလိုကိစ္စတွေကြောင့် ၉/၁၁ လိုမျိုးကိစ္စ နောက်တစ်ခါပြန်မဖြစ်တော့ဘူးလို့
ယုံကြည်မှုရှိနေပါပြီလား။ ပြောနိုင်ပါပြီလား။
ဒါကို ကျွန်မ အများကြီးယုံကြည်မှု ရှိပါတယ်။ ၉/၁၁ ကို ဖြစ်စေခဲ့တဲ့
အဖြစ်အပျက်တွေကြောင့် ကျွန်မတို့ဟာ အခုလို လုပ်ထုံးလုပ်နည်းတွေ၊
အလေ့အကျင့်တွေ ရှိလာတာပါ။ ကျွန်မတို့ဌာနမှာတင်မကပါဘူး။ အက်ဖ်ဘီအိုင်နဲ့
အခြားဌာနတွေအတွင်းမှာပါ ဖြစ်ပါတယ်။
၉/၁၁ ကိစ္စကို ပုံတူထပ်လုပ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါက ကျွန်မတို့ဟာ
နောက်ထပ်ပုံစံကွဲ တိုက်ခိုက်မှုမျိုး မကြုံရဘူးလို့ ပြောတာမဟုတ်ဘူးနော်။
ကျွန်မတို့ ဘယ်တော့မှ အနားမရနိုင်ပါဘူး။ အားလုံးပြီးပြီလို့ပြောတာနဲ့
ကျွန်မတို့ ရန်သူတွေက နောက်ထပ်တိုက်ခိုက်ပုံနည်းလမ်းတွေ
ရှာတွေ့သွားပါလိမ့်မယ်။
ဝန်ကြီး စိတ်အပူဆုံးကဘာပါလဲ။ ကိုယ့်ကို ညမှာလန့်နိုးစေတာ ပြည်တွင်းအကြမ်းဖက်မှုလား၊ ပြည်ပတိုက်ခိုက်မှုလား။
ကျွန်မတို့ အခိုင်အမာ အာရုံပြုတဲ့ နှစ်နေရာကို ပြောချင်တယ်။
တစ်ခုကလေကြောင်းပါ။ ယီမင်ပြင်ပမှာ လေယာဉ်ပေါ်မှာ ကားဗုံးတပ်ထားတာမျိုး
ကျွန်မတို့ ကြုံဖူးတယ်။ အခြားနည်းတွေဖြစ်တဲ့ လေယာဉ်တစ်စင်းကို
ခရီးသည်ကဖြစ်ဖြစ်၊ ကုန်ပစ္စည်းတင်ပြီးပဲဖြစ်ဖြစ် တိုက်ခိုက်ဖို့
ကြိုးစားအားထုတ်မှုတွေလည်း ကြုံဖူးတယ်။ အခုဆိုရင် ပုံစံမျိုးစုံနဲ့
အွန်လိုင်းတိုက်ခိုက်မှုတွေလည်း ဖြစ်နေပါတယ်။ ဒီနေရာဟာ ကျွန်မတို့
ကိုင်တွယ်နေတဲ့ လျင်မြန်စွာကြီးထွားလာတဲ့ နေရာပါပဲ။
သမ္မတအိုဘားမားဟာ ၂၀၀၈ မှာ သမ္မတဖြစ်တော့ မိန့်ခွန်းထဲမှာ အီရန်ကို
မိတ်ဆွေဆက်ဆံရေးလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုမျိုး
သဘောထားပွင့်လင်းမှုမျိုးက နောက်တစ်ကြိမ် အိုဘားမားသမ္မတအဖြစ်
ပြန်အရွေးခံရရင် ရှိမယ်ထင်ပါသလား။ ကျွန်တော် ၀န်ကြီးကို
ဒီမိုကရက်တစ်ဦးအနေနဲ့ မေးကြည့်တာပါ။
အမေရိကန်နိုင်ငံသားတစ်ဦးအနေနဲ့ ကျွန်မရဲ့ တုံ့ပြန်မှုကတော့ ကြည့်ပါ။
ဘာဖြစ်မလဲဆိုတာတွေနဲ့ ကျွန်မ မကစားပါဘူး။ ဒါပေမဲ့ ကျွန်မပြောနိုင်တာကတော့
အီရန်နဲ့ အခြားနိုင်ငံတွေရဲ့ နျူလက်နက်ပိုင်ဆိုင်ဖို့ အားထုတ်မှုတွေကို
ကမ္ဘာ့ဘယ်နိုင်ငံမဆို အားပေးအားမြှောက် မလုပ်သင့်ပါဘူး။
—Ref: US Security Cheif "never satisfied". Euro news: 12th Oct.
7Day News
ကျော်မျိုး
No comments:
Post a Comment