Sunday, November 18, 2012

အမေရိကန်သမ္မတ၏ လေယာဉ်ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်များတွင် ရန်ကုန်လေဆိပ်၌ အခြားလေကြောင်းလိုင်းများမှ ဆင်း၊ တက်မပြုရန် ညှိနှိုင်းဆောင်ရွက်ထား

အမေရိကန်သမ္မတ၏ လေယာဉ်ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အခြားလေကြောင်းလိုင်းများမှ ဆင်း၊ တက်မပြုရန် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
''အမေရိကန်နိုင်ငံက အရေးကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ ခရီးစဉ်ဖြစ်တာမို့ ဒီလေယာဉ်ဆိုက်ရောက်ချိန်နဲ့ ထွက်ခွာချိန်တွေမှာ အခြားပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းတွေအနေနဲ့ ဆင်း တက်မလုပ်အောင် လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတဲ့ သဘောပါ။ လေဆိပ်တစ်ခုလုံးကို ပိတ်ထားတာတော့ မဟုတ်ပါဘူး။ လုံခြုံရေးအရအချိန် လွှဲပေးရတဲ့သဘောပါ'' ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။
''မနက် ၈း၄၀မှာ စင်ကာပူနိုင်ငံကို ထွက်ခွာမယ့်
လေယာဉ်ချိန်ကို မိနစ်၄၀စောပြီး မနက် ၈နာရီမှာ ထွက်မှာပါ။ သမ္မတလေယာဉ်ရောက်တဲ့ အချိန်နဲ့ ပြန်ထွက်တဲ့အချိန်တွေနဲ့ တူနေတဲ့ အခြား လေကြောင်းလိုင်းတွေလည်း ခုလိုအချိန်ပြောင်းပေးရတယ်လို့ သိရတယ်'' ဟု MAI လေကြောင်း လိုင်းမှ Marketing Manager မအေးမရသာ က ပြောပါသည်။
အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတဘာရက် အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက်နေ့၊ နံနက် ၉နာရီနှင့် ၉နာရီခွဲကြားတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဟု သတင်းရရှိပါသည်။

Eleven Media Group

No comments:

Post a Comment