အာဆီယံ ခေါင်းဆောင်များ အနေဖြင့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Peace Place အဆောက်အအုံ၌ တွေ့ဆုံခဲ့ပြီးနောက် အာဆီယံ လူ့အခွင့်အရေး ကြေညာ စာတမ်းကို အတည်အဖြစ်
လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းအတွက် နိုင်ငံတော် သမ္မတ ဦသိန်းစိန် လက်မှတ်ရေးထိုးစဉ်။
“လူ့အခွင့်အရေး ကြေညာ စာတမ်းနဲ့ ပတ်သက်လို့ အာဆီယံ ခေါင်းဆောင်တွေ ဒီနေ့ပဲ အတည်ပြု ထုတ်ပြန်လိုက်ပါပြီ။ လူ့အခွင့်အရေး ကြေညာ စာတမ်းဟာ အာဆီယံရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ဆိုင်ရာ အဆောက် အအုံ တစ်ခု ဖြစ်ပါတယ်။ ဒီဟာက အရေးကြီးတဲ့ ကြေညာ စာတမ်း တစ်ခုပါ။ အရင်တုန်းက ဆိုရင် ဒေသတွင်းမှာ မရှိတဲ့ လူ့ အခွင့်အရေး ဆိုင်ရာ ကြေညာ စာတမ်းကို ယခု အာဆီယံ နိုင်ငံများ ပိုင်ဆိုင် လာခဲ့ပြီ ဖြစ်တဲ့အတွက် စံချိန် တစ်ခု ဖြစ်ခဲ့ပါပြီ”ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး နာတလီ ဂါဝါက နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက Peace Place အဆောက်အအုံအတွင်း၌ သတင်း ထောက်များကို ပြောကြားခဲ့သည်။
အာဆီယံ လူ့အခွင့်အရေး ကြေညာ စာတမ်း မူကြမ်းကို ယခုနှစ် ဇူလိုင်လ အတွင်းက တရားဝင် ထုတ်ပြန်ခဲ့ပြီး ထိုသို့ ထုတ်ပြန်ပြီးချိန်တွင် အာဆီယံ ဒေသတွင်း နိုင်ငံများမှ လူ့အခွင့်အရေး အဖွဲ့များက အဆိုပါ မူကြမ်းသည် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုမရှိဘဲ အဆင့်နိမ့်ကြောင်း ဝေဖန်ခဲ့ပါသည်။ ထို့အပြင် လူ့ အခွင့်အရေး ကြေညာ စာတမ်းကို ပြန်လည် သုံးသပ်ရန်နှင့်
ဖြည့်သွင်း မှုများ ပြုလုပ်ရန် တောင်းဆိုမှုများ ကို အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးနှင့် အာဆီယံ အစိုးရ အဖွဲ့များထံသို့ ပေးပို့ ထားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ (၁၈) ရက်နေ့က အာဆီယံ ခေါင်းဆောင်များ လက်မှတ် ရေးထိုးပြီး အတည်ပြု ထုတ်ပြန် လိုက်သော အာဆီယံ လူ့အခွင့်အရေး ကြေညာ စာတမ်းသည် ဇူလိုင်လ အတွင်းက ထုတ်ပြန်ခဲ့သော မူကြမ်းကို အခြေခံပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အာဆီယံ လူ့အခွင့်အရေး ကြေညာ စာတမ်းသည် ရေရှည်အတွက် ကြိုတင် စီမံကိန်း တစ်ရပ် ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က သတင်းထောက် များကို ပြောကြားခဲ့သည်။
“လူ အခွင့်အရေး ကြေညာစာတမ်းနဲ့ ပက်သက်ပြီဆိုရင် ပြည်သူတွေဆီက သတိပေးမှုတွေ၊ သက်ဆိုင်မှုတွေ ထောက်ခံမှု တွေနဲ့ ပက်သက်တဲ့ တုန့်ပြန်မှုတွေ ကြားနေရပါတယ်။ ကျွန်တော်တို့ရဲ့ လူ့အခွင့်ရေး ကြေငြာ စာတမ်းဟာ အဆင့်အတန်း ၀င်ခြင်း မရှိဘူးလို့ပြောကြပါတယ်။ ကျွန်တော့် အမြင်မှာ ကတော့ ရေရှည်ကာလ အတွက် ကြိုတင် စီမံကိန်း လို့ပဲထင်ပါ တယ်။ လူ့ အခွင့်အရေး ကြေညာစာတမ်း ဖြစ်ဖို့အတွက် ၁၉၉၂ ထဲကစတင် အကောင်အထည်ဖော်ခဲ့တာပါ” ဟု ဆူရင်က နိုဝင်ဘာလ ၁၇ ရက်နေ့က သတင်းထောက်များကို ပြောပါသည်။
အာဆီယံ လူ့အခွင့် အရေး ကြေညာ စာတမ်းသည် အာဆီယံ အဖွဲ့အတွင်း လူ့အခွင့်အရေး ကော်မရှင် (AICHR) နှင့် လူထု အခြေပြု လူမှု အဖွဲ့အစည်းများ အကြိမ်ကြိမ် တွေ့ဆုံပြီး ထွက်ပေါ်ခဲ့သည့် ကြေညာ စာတမ်းဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီး ဟော်နမ်ဟောင်က နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
"အာဆီယံ လူ့ အခွင့်အရေး ကြေညာ စာတမ်းဟာ လူ့ အခွင့်အရေးကို လေးစား လိုက်နာဖို့နဲ့ ကာကွယ်ဖို့ အတွက်ပါ။ ဒီ ကြေညာ စာတမ်းကို လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ အတွက် မဟုတ်ပါဘူး။ သေချာတာကတော့ ဒီကြေညာစာတမ်းတွေဟာ အချို့ အဖွဲ့တွေအတွက် ကျေနပ်စေမှာ မဟုတ်ပါဘူး။ ကြေညာစာတမ်းဟာ ပထမအဆင့်ပဲ ရှိပါသေးတယ်။ ကော်မရှင်က လိုအပ်ရင်တော့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ ပြောဆိုပြီး ပြောင်းလဲမှုများကို လုပ်မှာပါ”ဟု ဟော်နမ်ဟောင်က သတင်းထောက်များကို ပြောခဲ့ပါသည်။
Eleven Media Group
No comments:
Post a Comment