Monday, November 19, 2012

ဘင်္ဂါလီ ရိုဟင်ဂျာအရေး မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို အာဆီယံ အတွင်းရေးမှူးချုပ် အသိအမှတ်ပြု

ဘင်္ဂါလီ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ ကြိုးပမ်းမှုနှင့် လုပ်ဆောင်မှုများအပေါ် အသိအမှတ်ပြုကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝမ်က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရာ မီဒီယာ စင်တာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အာဆီယံ ဒေသတွင်းနိုင်ငံများအကြား အကြမ်းဖက်မှုများ ဖြစ်လာနိုင်ခြေနှင့် စပ်လျဉ်းပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဆူရင် ပြောကြားခဲ့သည့် စကားများကို ပြန်လည် ကောက်နှုတ်ပြီး VOA သတင်းဌာနက မေးမြန်းခဲ့သည့် အပေါ် ပြန်လည် ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂါလီ ရိုဟင်ဂျာ အရေးနင့် မြန်မာအစိုးရ၏
လုပ်ဆောင်ချက်များအပေါ် အသိအမှတ်ပြုပြီး အဆိုပါ အရေးကို ထိရောက်စွာ ကိုင်တွယ်မှု မရှိပါက အန္တရာယ်များ ရှိလာနိုင်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောပါသည်။

"အာဆီယံ ဒေသတွင်း ပြည်တွင်း ဆူပူမှုတွေဟာ ထိန်းသိမ်းရမယ်။ ဖြေရှင်းရမှာပါ။  ရခိုင်ဒေသမှာ ဖြစ်နေတဲ့ ရိုဟင်ဂျာ အရေးဆိုရင် တော့  ၈၀၀ ၀၀၀ ကျော်ရှိတဲ့ ရိုဟင်ဂျာ တွေဟာ ကြီးကျယ်တဲ့ ဖိအားအောက်မှာ ရှိနေပါတယ်။ ကျွန်တော်တို့ မြန်မာအစိုးရ ရဲ့ ကြိုးပမ်းမှုနဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ် ပြုပါတယ်။ ဒီအရေးကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ရင်တော့  အန္တရယ်တွေ ရှိနိုင်ပါတယ်။ ကုသဖို့ ခက်ခဲနိုင်ပါတယ်” ဟု ဆူရင်က ပြောသည်။
Nov-183
ထိုအရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြောလိမ့်မည် ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်လည်း ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်ကြောင်းနှင့် ခေါင်းဆောင်များအကြား တွင် သာမန်ထက်ပိုသော ညှိနှိုင်းမှုများ ရှိကြောင်း ဆူရင်က ဆက်လက်ပြောကြားခဲ့သည်။

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် ဒေသတွင်းဆိုင်ရာ နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စများကို အာဆီယံ ခေါင်းဆောင်များက ဆွေးနွေးလျက် ရှိနေပြီး  နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း အချိန်အထိ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး သီးခြားဆွေးနွေးမှု ကိစ္စရပ် မရှိကြောင်း သိရပါသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် အာဆီယံ စီးပွားရေး ၀န်ကြီးများ အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ သီးခြား ဆွေးနွေးခြင်းများ မရှိခဲ့ပေ။

သို့သော် နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အလုပ်သဘော ညစာ စားပွဲတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ တိုးတက်မှု ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် အရေးနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်သင့် ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်မည့် အာဆီယံ ဥက္ကဋ္ဌ၏ ကြေညာချက် တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာ တစ်ခုကို ထည့်သွင်း ဖော်ပြရန် စီစဉ်ခဲ့သဖြင့် အဆိုပါ ထည့်သွင်းမည့် အရေးကို မြန်မာသံတမန်များက လက်မခံဘဲ ကန့်ကွက်ခဲ့ကြကြောင်း သိရပါသည်။ ထိုသို့ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာကို ထည့်သွင်းမည် ဆိုပါက ဒေသတွင်း ပြဿနာများ ခေါင်းစဉ်အောက်တွင် မထည့်သွင်းဘဲ အခြားတစ်နေရာတွင် ထည့်သွင်းရန် စီစဉ်မှုများ ရှိခဲ့သည်ဟု သိရပါသည်။

အာဆီယံ ဥက္ကဋ္ဌ၏ ကြေညာချက်တွင် ထည့်သွင်းမည့် အခြားသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး အာဆီယံ ထိပ်သီးခေါင်းဆောင်များ၏ ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးမည် ဖြစ်ပါသည်။

No comments:

Post a Comment