Sunday, November 18, 2012

မြန်မာ့ရွှေများ မှောင်ခိုတင်ပို့နေမှု သိရှိသော်လည်း ထိရောက်စွာ တားဆီးနိုင်ခြင်းမရှိ မြန်မာ-တရုတ်နယ်စပ် လမ်းကြောင်းမှ တစ်ဆင့် အဓိကထွက်ရှိနေ

မြန်မာ့ရွှေများ မှောင်ခိုတင်ပို့နေမှု သိရှိသော်လည်း ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများထံမှ သတင်းရရှိသည်။
မှောင်ခိုသွားနေသည်ကို သိရှိသော်လည်း တားဆီးမှုအားနည်းသည့် အတွက် ထိရောက်အောင်မြင်စွာ ကိုင်တွယ်နိုင်မှု မရှိသေးကြောင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း၏ ဒဿမအကြိမ် နှစ်ပတ်လည် အခမ်းအနားတွင် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသူတော်မှ ပြောကြားခဲ့သည်။
“ရွှေမှောင်ခိုထွက်နေတာကို သိလားဆိုရင်တော့ သိတယ်။ ဒါပေမယ့် တားဆီးတဲ့နေရာမှာ အားနည်း နေတယ်”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသူ တော်မှပြောကြားခဲ့သည်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအနေဖြင့်
ရွှေဈေးနှုန်းများ တည်ငြိမ်ရန်အတွက် စည်းရုံး ကာ အောင်မြင်စွာ လုပ်နိုင်ကြောင်း၊ မှောင်ခိုသွားလာမှုအပေါ် တားဆီးနိုင်ပါက နိုင်ငံတော် အပါအ၀င် မြန်မာ့ရွှေဈေးကွက် ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
မြန်မာ့ရွှေအား မှောင်ခိုလုပ်ကိုင်ရာတွင် ထုတ်လုပ်ခြင်း၌လည်း မှောင်ခိုရှိသကဲ့သို့ ရောင်းချမှု အပိုင်း၌လည်း မှောင်ခိုရှိကြောင်း၊ အဓိကအားဖြင့် မြန်မာ့ရွှေများအနေဖြင့် တရုတ်နိုင်ငံဘက်သို့ တရားမ၀င် အဓိကစီးထွက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရွှေထုတ်လုပ်နေသူများက ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရွှေထုတ်လုပ်သူတစ်ဦးက “မြန်မာ့ရွှေအနေနဲ့ မှောင်ခိုလည်း ထုတ်တယ်။ မှောင်ခိုလည်းသွားတယ်။ အများဆုံးသွားတာကတော့ တရုတ်ဘက်ကိုပါ”ဟု ပြောပြခဲ့သည်။
လက်ရှိတွင် မြန်မာ့ရွှေထုတ်လုပ်မှုအတွက် လုပ်ကွက်ချထား ပေးရာတွင်လည်းကောင်း၊ အခွန် ကောက်ခံရာတွင် ကြိုတင်ပေးဆောင်ရပြီး ရွှေမထုတ်လုပ်နိုင်သည့် မိုးတွင်းကာလအတွက်ပါ ပေးသွင်းရသည့်အတွက် အခက်အခဲဖြစ်ပေါ်ကာ ရွှေထုတ်လုပ်နိုင်မှု နည်းပါးကြောင်းလည်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment