နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရောက်ရှိလာမည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ ခရီးစဉ်အတွင်း ရန်ကုန်မြို့ပေါ်ရှိလမ်းများအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ အင်တာနက် စာမျက်နှာတွင်ဖော်ပြထားချက်အရသိရှိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာလာမည့် သမ္မတ အိုဘားမား၏ ယာဉ်တန်းဖြတ်သန်းမည့် ပြည်လမ်းတစ်လျှောက်ရှိ ၁၀ မိုင်လမ်းဆုံ ၊ ပြည်လမ်းနှင့် လေဆိပ်လမ်းဆုံ ၊ ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံ၊ ၈မိုင်လမ်းဆုံ၊ ပါရမီလမ်းဆုံ(အေဒီမီးပွိုင့်)၊ အင်းလျားလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ ဟံသာဝတီအဝိုင်း၊ မြေနီကုန်း မီးပွိုင့်၊ လွှတ်တော်အရှေ့၊ ပြည်လမ်းနှင့် အလုံလမ်းဆုံ ၊ ဦးဝိစာရအဝိုင်းနှင့် ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်လမ်းဆုံတို့ကို ယာဉ်တန်းမဖြတ်မီ မိနစ်၂၀ ခန့် ခေတ္တကြိုတင် လမ်းပိတ်ထားမည်ဖြစ်ပြီး
လမ်းလွှဲမှမောင်းနှင်နိုင်ရန် တာဝန်ရှိသူများက လမ်းညွှန်ဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ထို့အတူ ရန်ကုန်မြို့သို့ အမေရိကန်သမ္မတ အိုဘားမားမရောက်ရှိခင် အချိန်နှင့် ပြန်လည်မထွက်ခွာမီ အချိန်များတွင် ထွက်ခွာရန်/ ဆိုက်ရောက်ရန်ရှိသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းအစီအစဉ်များကိုလည်း ရွှေ့ဆိုင်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာလ ၁၉ ရက် နံနက် ၉ နာရီမှ ၁၀ နာရီအတွင်း၊ ညနေ ၃ နာရီမှ ၄ နာရီအတွင်း ဆိုက်ရောက်/ထွက်ခွာမည့် လေယာဉ် ခရီးစဉ်များအား ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ပြီး ၎င်းအချိန်များနှင့် တိုက်ဆိုင်နေသည့် နံနက်ပိုင်းခရီးစဉ်များကို နံနက် ၁၀ နာရီ နောက်ပိုင်းတွင်လည်းကောင်း၊ ညနေပိုင်းခရီးစဉ်များကို ညနေ ၄ နာရီနောက်ပိုင်းတွင် လည်းကောင်း ရွှေ့ပြောင်းထားပြီး ပုံမှန်လေယာဉ်ခရီးစဉ်များကိုမူ ဖျက်သိမ်းခြင်းမရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Eleven Media Group
No comments:
Post a Comment