Monday, November 19, 2012

မာအစိုးရ၏ တင်ပြမှုများကို အာဆီယံ ခေါင်းဆောင်များ ထောက်ခံ

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ၌ မြန်မာ အစိုးရ၏ တင်ပြမှုများကို အာဆီယံ ခေါင်းဆောင်များ အနေဖြင့် ထောက်ခံကြောင်း ကမ္ဘောဒီးယားနိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kao Kimhuom က နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kao Kimhuom သည်
နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သော (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနှင့် စပ်လျဉ်းပြီး ပြောဆိုခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Nov184
ကမ္ဘောဒီးယားနိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kao Kimhuom  သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်


အာဆီယံခေါင်းဆောင်များ၏ ဆွေးနွေးပွဲတွင် မြန်မာသမ္မတ ဦးသိန်စိန်က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး တင်ပြခဲ့ကြောင်း သိရသည်။

"ဒီနေ့ အစည်းအဝေးမှာ မြန်မာ သမ္မတရဲ့ တင်ပြမှုကို အာဆီယံ ခေါင်းဆောင်တွေက နားထောင်ခဲ့ပါတယ်။ နားထောင်ပြီးတဲ့ အချိန်မှာ မြန်မာအစိုးရရဲ့ လုပ်ဆောင် မှုတွေကို အာဆီယံ ခေါင်းဆောင် တွေက ထောက်ခံပေးခဲ့ပါတယ်”ဟု ကမ္ဘောဒီးယားနိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kao Kimhuom က ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲ၌ ရခိုင်အရေးနှင့် ပတ်သက်သော မေးခွန်းတစ်ခုကို သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ မြန်မာအစိုးရအနေဖြင့် ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် အနီးကပ် ဆောင်ရွက်လျက်ရှိသည်ဟု  Kao Kimhuom က ပြန်လည် ဖြေကြားခဲ့သည်။

" မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စကို နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။ သေချာတာကတော့ မြန်မာအစိုးရ အနေနဲ့ UN၊ အာဆီယံနဲ့ အခြား နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပဋိပက္ခဖြစ်တဲ့ ဒေသတွေဆီကို လေ့လာခွင့် ပေးခဲ့တာတွေ လုပ်ခဲ့ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေက မြန်မာအစိုးရကို ပြောခဲ့တာတွေ ရှိပါတယ်။ မြန်မာ အစိုးရကလည်း အခြေအနေတွေကို စောင့်ကြည့်သွားမယ်လို့ ပြောခဲ့ပါတယ်”ဟု   Kao Kimhuom က ဖြေကြားခဲ့ပါသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝမ်၏ သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကို ထိရောက်စွာ မကိုင်တွယ်ပါက  ဒေသတွင်း အကြမ်းဖက်မှု အန္တရာယ်များ ရှိလာနိုင်သည်ဟု  ပြောဆိုခဲ့သည်။ သို့သော် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်ပြီး  မြန်မာအစိုးရ၏ ဆောင်ရွက်မှုများကို  အသိအမှတ်ပြု ကြောင်း ပြောဆိုခဲ့ပါသည်။

ထို့အပြင်  နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်မည့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ကြေညာချက်တွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်ပြီး ထည့်သွင်းနိုင်သည့် အခြေအနေတွင် မရှိကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က  သတင်းထောက်များကို ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment