Monday, November 19, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့တွေ့ဆုံ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု ရရှိရန်အတွက် တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား

မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၄င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။

ခေါင်းဆောင်နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း
တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်တွင်းပြည်ပ မီဒီယာများအား တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မှတ်ချက် စကားများ ပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက ဆက်လက် ပြောကြားခဲ့ပါသည်။

"ကျွန်မ အမေရိကန်သမ္မတ အိုဘားမားကို ကျွန်မတို့နိုင်ငံ ကျွန်မရဲ့ အိမ်မှာ ကြိုဆိုရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သမိုင်းရှည်ကြာစွာ ကတည်းက တည်ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ထောက်ခံခဲ့ပါတယ်။ ရှေ့မှာရှိနေတဲ့ ခက်ခဲတဲ့ နှစ်များတစ်လျှောက်လုံးမှာလည်း ဒီထောက်ခံမှုမျိုး ဆက်လက်ရှိနေလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ မည်သည့် အကူးအပြောင်းတွင်မဆို အခက်ခဲဆုံး အချိန်ကာလမှာ အောင်မြင်မှုကို မြင်တွေ့ရပြီလို့ထင်တဲ့ အချိန်ပါပဲ။ ကျွန်မတို့ အနေနဲ့ အောင်မြင်မှု တံလျှပ်ရဲ့ ဖျားယောင်မှု မခံရဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ စစ်မှန်သော အောင်မြင်မှုတွေ ရဖို့အတွက် ကျွန်မတို့ နှစ်နိုင်ငံ အကြားနှင့် ပြည်သူနှစ်ရပ် အကြား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ လုပ်ရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ရပါမယ်။ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံရဲ့ ဦးတည်ရာကိုလည်း မှန်ကန်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မအနေနဲ့ အမေရိကန်ပြည်ထောင်စု အစိုရနဲ့ တတ်နိုင်သမျှ ဆက်သွယ်ဆောင်ရွက်သွားပါမယ်။" ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

"မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး အရှိန်အဟုန် ကို ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ ယုံကြည်စိတ်ချရသည့် အစိုးရ အဖွဲ့အစည်းများ တည်ထောင်ခြင်း တရားဥပဒေစိုးမိုးရေး ဖေါ်ဆောင်ခြင်း၊ တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းခြင်း၊ မြန်မာပြည်သူများ ပညာရေး၊ ကျွန်န်းမာရေး စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိစေရေး သေချာစေခြင်းတို့ ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီနိုင်ငံက ပြည်သူတွေကို ကတိ ပေးချင်ပါတယ်။ ဒီကတိကို ကျွန်တော်တို့အနေနဲ့ ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တစ်ကယ်လို့များ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ တိုးတက်မှုများ ဆက်တိုက် မြင်တွေ့ရမယ်ဆိုပါက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှုတွေဟာလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်မှု ရဖို့အတွက် ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့ပါသည်။

No comments:

Post a Comment