Thursday, November 1, 2012

၂၀၁၃ ဆီးဂိမ်းတွင် Video Conferencing စနစ်အတွက် Huawei က ဒေါ်လာသုံးသန်း ကူညီမည်ဟုဆို

တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော Huawei ကုမ္ပဏီက ၂၀၁၃ တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကာလအတွင်း Video Conferencing စနစ်အတွက် အမေရိကန်ဒေါ်လာ သုံးသန်းခန့် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မြန်မာနိုင်ငံအခြေစိုက် ရုံးခွဲမှ ပြင်ပဆက်သွယ်ရေးဌာန၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Mr. Yang cheng က 7Day News သို့ ပြောသည်။
တရုတ်ကုမ္ပဏီဘက်ကမူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် နည်းပညာပိုင်းဆိုင်ရာကိုသာ အဓိက ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဆက်သွယ်ရေး ကော်ပိုရေးရှင်း လက်အောက်မှ တယ်လီဖုန်းအော်ပရေတာ အနေဖြင့်မူ လုပ်ကိုင်ဆောင်ရွက်သွားရန် မရှိကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဘက်ကမူ မကြာမီ ကျင်းပတော့မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမီ ပြည်တွင်း၏ မိုဘိုင်းဖုန်း ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူများက ဆိုထားသည်။
ထို့အပြင် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲမှု ကဏ္ဍတွင် ပြည်တွင်းဆက်သွယ်ရေးစနစ်ကို 3G နှင့် 4G ကွန်ရက်များအထိ မြှင့်တင်သွားရန် ရှိနေကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အဆိုပါ ၀န်ကြီးဌာန၏ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

7Day News
ခိုင်ချို

No comments:

Post a Comment