Thursday, November 1, 2012

တယ်လီဖုန်းအော်ပရေတာ တင်ဒါခေါ်ယူမှုတွင် တရုတ်ကုမ္ပဏီ Huawei လျှောက်ထားဖွယ်ရှိ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်းအော်ပရေတာ တင်ဒါခေါ်ယူမှုတွင် ပြည်ပကုမ္ပဏီဖြစ်သည့် တရုတ်နိုင်ငံအခြေစိုက် Huawei ကုမ္ပဏီ ပါဝင်လျှောက်ထားနိုင်ဖွယ် ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးဦးစီးဌာနမှ သိရသည်။
“Huawei က အော်ပရေတာအနေနဲ့ လျှောက်ဖို့မရှိဘူးလို့ မထင်ဘူး။ Huawei က အခု ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီပါ။ ၂၀၁၃ မှာ ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲမှာလည်း Huawei နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု မြန်မာ့ဆက်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဦးကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဆက်သွယ်ရေးကော်ပိုရေးရှင်းမှ မြန်မာတယ်လီကွန်းကုမ္ပဏီအား ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
မြန်မာတယ်လီကွန်းကုမ္ပဏီနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့အပြင် ပြည်ပအခြေစိုက် အခြားကုမ္ပဏီနှစ်ခု စုစုပေါင်း ကုမ္ပဏီလေးခု ဆက်သွယ်ရေးဆိုင်ရာ ယှဉ်ပြိုင်မှုများရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
Huawei ကုမ္ပဏီအနေဖြင့် ပြည်ပမှ အော်ပရေတာကုမ္ပဏီတစ်ခု ဖြစ်လာနိုင်ပြီး လိုအပ်နေသော အော်ပရေတာကုမ္ပဏီနှစ်ခုအား   တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
သို့သော် Huawei ကုမ္ပဏီ၏ မြန်မာနိုင်ငံအခြေစိုက် ရုံးခွဲမှ ပြင်ပဆက်သွယ်ရေးဌာန၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Mr.Yang Cheng က ၎င်းတို့အနေဖြင့် နည်းပညာပိုင်းဆိုင်ရာကိုသာ အဓိကရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ဆက်သွယ်ရေးကော်ပိုရေးရှင်း လက်အောက်မှ တယ်လီဖုန်းအော်ပရေတာအနေဖြင့် လုပ်ကိုင်ရန်မရှိကြောင်း 7Day News သို့ ပြောသည်။
Huawei ကုမ္ပဏီမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အကြံပေးတင်ဒါ ခေါ်ယူရာတွင် ပါဝင်ယှဉ်ပြိုင်သော ကုမ္ပဏီများထဲမှ တစ်ခုအပါအ၀င်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

7Day News
ခိုင်ချို

No comments:

Post a Comment