Thursday, November 1, 2012

နိုင်ငံခြားတွင် ဆေးပညာသွားရောက်သင်ယူရန် စိတ်ဝင်စားမှုမြင့်တက်

ပြည်တွင်းဆေးတက္ကသိုလ်များက ကျောင်းသားလက်ခံမှု ထက်ဝက်လျှော့ချခဲ့ပြီးနောက် နိုင်ငံရပ်ခြားတွင် ဆေးပညာ သွားရောက်လေ့လာသင်ယူရန် စိတ်ဝင်စားမေးမြန်းမှု သိသိသာသာမြင့်တက်လာနေကြောင်း နိုင်ငံတကာပညာရေးဝန်ဆောင်မှု လုပ်ငန်းများမှ သတင်းရရှိသည်။
မြန်မာကျောင်းသားများ ပြည်ပနိုင်ငံတွင် ဆေးပညာသင်ယူရန် စိတ်ဝင်မှု မြင့်တက်နေခြင်းကြောင့် မလေးရှား၊ တရုတ်၊ ဗြိတိန်
စသည်နိုင်ငံများမှ ဆေးပညာကျောင်းများသည် ပြည်တွင်း၌ ဈေးကွက်မြှင့်တင်မှု အစီအစဉ်များ ဆောင်ရွက်မှုရှိနေသည်။
“ဒီနှစ် ဆေးတက္ကသိုလ် အမှတ်မြင့်သွားလို့ နိုင်ငံခြားမှာသွားတက်ဖို့ လာမေးတဲ့ကျောင်းသားတွေ တော်တော်များနေပါတယ်။ တစ်ခုသတိထားစေချင်တာက နိုင်ငံခြားမှာ ဆေးကျောင်းသွားတက်ပြီးလို့ ပြန်လာရင် ဒီမှာ ဆမရဖို့ အာမခံချက် မပေးနိုင်ပါဘူး။ မိဘက ချမ်းသာလို့ ဒီမှာလည်း ဆေးကျောင်းမရဘူး၊ နိုင်ငံခြားမှာပဲ ဆရာဝန်ဘွဲ့တစ်ခု သွားယူမယ်။ ပြန်လာရင် ဆေးဆိုင်ဖွင့်မယ်ဆိုတဲ့ သူတွေအတွက်ကတော့
အဆင်ပြေမှာပါ”ဟု နိုင်ငံတကာပညာရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသော Crown Education ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ဆိုသည်။
ပြည်ပနိုင်ငံများတွင် ဆေးပညာသင်ယူရန် ကျောင်းလခ ကျပ်သိန်းထောင်ချီ ကုန်ကျမည့်အပြင် ဘွဲ့ရရှိပြီးပါက ဆေးကုသခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် အလွန်အမင်း ကြိုးစားအားထုတ်မှုရှိမှသာ ရပ်တည်မှုရရှိနိုင်မည် ဖြစ်သည်။
“ဆေးကျောင်းကတော့ တခြားဘာသာရပ်တွေနဲ့ မတူပါဘူး။ ပိုပြီးခက်ခဲပါတယ်။ မိဘကလည်း ငွေရေး၊ ကြေးရေးပိုင်းမှာ အကုန်အကျခံနိုင်မှုရှိရမယ်။ကျောင်းသားတွေအနေနဲ့လည်း အဆင့်ဆင့်ကို ကျော်ဖြတ်နိုင်မှု ရရှိရမယ်။ မရှိရှိတာ ရောင်းချပြီးတော့ နိုင်ငံခြားမှာ ဆေးကျောင်းသွားတက်တာတော့ မဖြစ်စေချင်ပါဘူး”ဟု Myanmar Search International ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ကပြောသည်။
ထို့အပြင် နိုင်ငံရပ်ခြားတွင် ဆေးပညာဘွဲ့ရရှိခဲ့ပြီး ပြည်တွင်း၌ ဆေးကုသခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခွင့်အတွက် ဆမ ရရှိရန် တိကျခိုင်မာသော သတ်မှတ်ချက်များ လိုအပ်နေခြင်းသည် ပြည်ပတွင် ဆေးပညာသင်ယူလိုသော ကျောင်းသားများအနေဖြင့် အဓိက စဉ်းစားရမည့် အချက်ဖြစ်ကြောင်း ပညာရေးလေ့လာသူများကဆိုသည်။

7Day News
နေလင်းထွန်း

No comments:

Post a Comment