ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO၏
ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့သည် အောက်တိုဘာလ ၃၀ ရက်နေ့က
တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန် (Jind Cheng) ဟိုတယ်၌ ပထမဆုံး
အကြိမ် တွေ့ဆုံခဲ့ကြပါသည်။ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်
နှစ်ဖက်တပ်များ နေရာရွှေ့ထားရေး ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ
ပြုလုပ်မည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ
မတက်ရောက်ခဲ့သဖြင့် စစ်ရေးအခြေအနေနှင့် ပတ်သက် ပြီး ထူးခြားသော
အဖြေထွက်ပေါ်ခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံရေး နည်းလမ်းအရ ဆက်လက် ဆွေးနွေးကြရန်
သဘောတူညီခဲ့ကြပါသည်။
ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ
အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တက် ရောက်ရန် မူလက
စီစဉ်ခဲ့သော်လည်း KIA ဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်
တက်ရောက်လာခြင်း မရှိသည့် အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း
တက်ရောက်ခြင်း မပြုခဲ့ရာမှ စစ်ရေးအခြေအနေနှင့် ပတ်သက်သည့် အဖြေ
မထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
"KIO က နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖို့ကို တောက်လျှောက် ပြောလာတယ်။
အခုတစ်ကြိမ်မှာတော့ နိုင်ငံရေး နည်း လမ်းနဲ့ ဆက်လက် ဆွေးနွေးသွားဖို့
ဦးအောင်မင်းက အများရှေ့မှာ ကတိပေးခဲ့တယ်။ အများကြီး လုပ်စရာတွေတော့ ရှိ
သေးတယ်။ ဒါပေမယ့် တိုးတက်လာပါတယ်”ဟု KIO ငြိမ်းချမ်းရေး
ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ဆွေးနွေးပွဲအပြီးတွင်
ပြောကြားခဲ့သည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စု အဆင့်
ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ သမ္မတ ရုံး ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်း ဦးဆောင်ခဲ့ကာ KIO ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ကို
ဦးဆွမ်လွတ်ဂွမ်က ဦး ဆောင်ခဲ့ပါသည်။ ဦးဆွမ်လွတ်ဂွမ်သည် KIO ၌ နံပါတ်
ငါးအဆင့်ရှိသော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမြဲတန်း ဗဟိုကော် မတီဝင်လည်း
ဖြစ်ပါသည်။
၂၀၁၂ခုနှစ်အတွင်း ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု အဆင့်
ငြိမ်းချမ်းရေး ကော်မတီနှင့် KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့သည်
ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့၌ တစ်ကြိမ်၊ ဗန်းမော်ခရိုင်
မိုးမောက်မြို့နယ် မိုင်ဂျာ ယန်မြို့တွင် နှစ်ကြိမ် စုစုပေါင်း သုံကြိမ်
အလွတ်သဘော တွေ့ဆုံခဲ့သည့်ပြီး ယခုဆွေးနွေးပွဲမှာ ပထမဆုံးအကြိမ် တရားဝင်
တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ တတိယအကြိမ် အလွတ်သဘော
ဆွေးနွေးစဉ်အချိန်က KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့်
ဦးအောင်မင်းတို့ အကြား နှစ်ဘက်တပ်များ နေရာရွေ့ပြောင်းရေးနှင့် ပတ်သက်ပြီး
တရားဝင်တွေ့ဆုံပွဲတွင် ဆွေးနွေးရန် စီစဉ်ခဲ့ကြောင်း သိရသည်။
“တတိယအကြိမ် အလွတ်သဘော တွေ့တုန်းမှာ ဗိုလ်ချုပ် ဂွမ်မော်နဲ့
ကျွန်တော်တို့ စပြီး ဆွေးနွေးခဲ့ပါတယ်။ တပ်တွေ တစ်နေရာနဲ့တစ်နေရာ
ရှုပ်ထွေးနေတဲ့အတွက် နေရာ (၄၀) ရွှေ့ပေးရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော့်
လုပ်ဆောင် ချက်ကတော့ ပြန်သွားပြီးတဲ့အခါ တပ်ပိုင်းဆိုင်ရာလည်း ကျွန်တော်
ဆွေးနွေးပါတယ်။ သမ္မတကြီးလည်း ကျွန်တော် တင်ပြပါတယ်။ နောက်ဆုံး ဒီကို
လာခါနီးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ထပ်ပြီး ဆွေးနွေးပါတယ်။
တစ်ချို့ နေရာလေးတွေမှာ ရွှေပေးဖို့အတွက် စီမံချက်ရှိပါတယ်။ အဲလို
ရွေ့ပေးဖို့ စီမံတဲ့အခါမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တပ်ချုပ်ကြီးကနေ
အာဏာကုန်လွှဲအပ်ပေးလိုက်တာကတော့ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး
ဖြစ်ပါတယ်။ ဗိုလ် ချုပ်ကြီး မြင့်စိုးလည်း လိုက်လာပါတယ်။လိုက်လာပေမဲ့
တစ်ဖက်က ဗိုလ်ချုပ် ဂွမ်မော်မပါဘူးဆိုတာ သိရတော့ သူက အခု မူဆယ်မှာပဲ
စောင့်ပြီးနေခဲ့တယ်။ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးမယ့်
ဆွေးနွေးပွဲဖြစ်တဲ့အတွက် တပ်ဘက်ကဘဲ ဦးဆောင်ရမှာဖြစ်တယ်။ ဒီလိုပြောလို့လဲ
ကျွန်တော်တို့က နိုင်ငံရေးကို ဆက်ပြီး မဆွေးနွေးဘူးလို့ မပြောပါဘူး။
ကြိုက်တဲ့ အချိန်မှာ နိုင်ငံရေး ဆွေးနွေးပွဲကို အပစ်အခတ်ရပ်စဲရေး
မပြုလုပ်သေးသော်လည်း ဒါကို ဆက်လက်ပြီး ဆွေးနွေးလို့ ရပါတယ်”ဟု
ဦးအောင်မင်းက ပြောပါ သည်။
ဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်စိုးကိုယ်စား မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်းနောင်က တပ်မတော်၏
သဘောထားကို ပြောပြခဲ့ပြီး ၎င်းတို့ အနေဖြင့် နိုင်ငံတော် သမ္မတ၏
အမိန့်ညွှန်ကြားချက်ကို နာခံလိုက်နာလျက်ရှိကြောင်း ပြောကြားခဲ့သည်။
"တပ်မတော်ရဲ့ သဘောထားနဲ့ပတ်သက်ပြီးတော့ အရေးကြီးတဲ့ အချက်တစ်ချို့ကို
တင်ပြလိုပါတယ်။ ဒီစကားက ဗိုလ်ချုပ်ကြီး မြင့်စိုးကိုယ်တိုင်
တက်ရောက်ပြီးတော့ ပြောဖို့ လျာထားပေမယ့်လည်း KIA ဘက်က တပ်ပိုင်းဆိုင်ရာ
အဆုံးအဖြတ်ပေးနိုင်တဲ့ ဗိုလ်ချုပ်ဂွမ်မော် မတက် ရောက်တဲ့အတွက်
ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးနဲ့ ဦးဂွမ်မော်တို့သာ တက်ရောက်နိုင်မယ်ဆိုရင်
အဆုံးအဖြတ်များ ရရှိနိုင်သည်အထိ ဆွေးနွေးနိုင် မှာဖြစ်သော်လည်း
ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးသွားတာ ဖြစ်တဲ့အတွက် အထူးပဲ
စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော့်အနေနဲ့ မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်မှာ စတင် တာဝန်ထမ်းဆောင်ကတည်းက နှစ်ဖက်ပစ်ခတ်မှုတွေ လျော့
နည်းအောင် လုပ်ခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးနဲ့
ပတ်သက်ရင် အထူးအလေးထားသူ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၁၁ခုနှစ်
ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ အမိန့်နဲ့
ညွှန်ကြားချက်အတိုင်း နာခံလိုက်နာလျက်ရှိပါတယ်။ ဒီနေ့အချိန်အထိ
မိမိကိုယ်ကိုယ်ကို မိမိ ခုခံကာကွယ်တာက လွဲရင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ
ပြုလုပ်ခဲ့ခြင်း မရှိပါဘူး”ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ပြောပါသည်။
တပ်မတော်သည် တိုင်းရင်းသားလူမျိုးများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု
တပ်မတော်ဖြစ်ကြောင်း ဗိုလ်မှူး ချုပ်ထွန်းထွန်းနောင်က ဆက်လက် ပြောပါသည်။
“ကျွန်တော်တို့ တပ်မတော်ဟာ တိုင်းရင်းသားလူမျိုး အားလုံး
ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပ်မတော် ဖြစ်ပါတယ်။ ဒီနေ့ တပ်မတော်မှာ
ထိပ်ပိုင်းခေါင်းဆောင်တွေက စပြီးတော့ အရာရှိ၊ အရာခံ အကြပ်စစ်သည်များထဲမှာ
တိုင်းရင်းသား လူမျိုး အားလုံးပါဝင်ပြီးတော့ DSA များထဲမှာလည်း
ရှိကြတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တပ်မတော်ကို ဗမာတပ် ဆိုတဲ့
အသုံးအနှုန်းနဲ့ သုံးစွဲတာ မသင့်တော်တဲ့အကြောင်း ပြောကြားလိုပါတယ်။
ပြည်ထောင်စု တပ်မတော်ဖြစ်တဲ့ ကျွန် တော်တို့ တပ်မတော်ဟာ တို့တာဝန်
အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့၊ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်
စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတာနဲ့အညီ ဒီတာဝန်တွေကို
ကျေပွန်အောင် ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ်
ထွန်းထွန်းနောင်က ဆက်လက်ပြော ကြားသည်။
တပ်မတော်ဘက်မှ ခုခံကာကွယ်ရုံမှ လွဲပြီး ထိုးစစ်မဆင်ဟု ပြောသော်လည်း
အကွာအဝေး အနည်းဆုံး ငါးမိုင်မှ ဆယ်မိုင် အထိရောက်ရှိနိုင်သော ၁၀၅ မမ၊ ၁၂၀
မမ လက်နက်ကြီးများ ပစ်ခတ်နေခြင်းမှာ နားမလည်စရာဖြစ်သည်ဟု KIO ၏
ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ဝင် ဦးလဖိုင်လက ပြောပါသည်။
ထို့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ဗိုလ်ချုပ် ဂွမ်မော်
မတက်ရောက်နိုင်ခြင်းသည် KIA တပ်မဟာ (၄) အပါအ၀င် အခြား ဒေသများ သို့
ပြုလုပ်လာသည့် ထိုးစစ်များကြောင့် ဖြစ်သည်ဟု KIO ၏
ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ဝင် ဦးဇော်ရော်က ပြော သည်။
“ဒီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာတင် တပ်မဟာ(၄) ကို ထိုးစစ်လုပ်ပါတယ်။
ထိုးစစ်တွေက ပိုပြီး များလာတဲ့အတွက် ဦးစီး ချုပ်တစ်ယောက်အနေနဲ့ တပ်ကို
ပစ်ထားပြီး လိုက်လာလို့ မရတဲ့အတွက် ဗိုလ်ချုပ် ဂွမ်မော် ပါမလာတာပါ”ဟု
ဦးဇော် ရော်က ပြော ပါသည်။
ယခုလအတွင်း တိုက်ပွဲပေါင်း(၉၀) ကျော် ဖြစ်ပွားခဲ့ကြောင်းနှင့်
အောက်တိုဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ KIO ဗဟိုဌာနချုပ်သို့
လက်နက်ကြီး (၁၀၅ မမ) ဖြင့် ပစ်ခတ်မှု ၁၄ ကြိမ် ရှိခဲ့သည်ဟု ဦးဇော်ရော်က ဆက်
လက်ပြောပြသည်။
၁၀၅ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကို ဦးအောင်မင်းက
ပြန်လည်ရှင်းလင်းခဲ့ပြီး ၁၀၅ မမ များ ပစ်ခတ်မိန့်ကို တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်ရုံး(ကြည်း)ကသာ အမိန့်ပေးနိုင် ကြောင်းနှင့် အကယ်၍ ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်စိုးသာ ရှိနေ မည်ဆိုပါက ထိုကိစ္စရပ်ကို
ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။
သို့သော် နှစ်ဖက်စလုံးတွင် အမှားများ ရှိခဲ့ကြောင့်၊ ရှေ့ခရီးတွင်
ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်သွားမည်ဟု ကတိပြု ကြောင်းနှင့်
နောက်ကြောင်း ပြန်အကြောင်းအရာများကို မပြောတော့ဘဲ ဆွေးနွေးမှုများ
တိုးတက်မှုများရှိအောင် လုပ်ဆောင်လို သည်ဟု ဦးအောင်မင်း က ပြောပါသည်။
KIO အနေဖြင့် စစ်မှန်သော ပြည်ထောင်စုအတွင်း လုံခြုံစိတ်ချစွာ နေထိုင်ရန်
ဆန္ဒရှိနေကြောင်း တော်လှန်ရေး လမ်းစဉ်၏ အရင်းခံသည် နိုင်ငံရေးကြောင့်
ဖြစ်သည့်အတွက် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်သာ လိုအပ်မည်ဖြစ်သည်ဟု
KIO ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က
ပြောကြားခဲ့သည်။
"KIO မှ တင်ပြနေသော တင်ပြခဲ့ပြီးသော အချက်များသည် ကချင်လူမျိုးများ
ကချင်ပြည်နယ်သူ ပြည်နယ်သားအားလုံး ပင်လုံကတိ က၀တ်ကို အခြေခံသည့် စစ်မှန်သော
ပြည်ထောင်စုအတွင်း၌ လုံခြုံစိတ်ချစွာ အတူတစ်ကွ နေထိုင်သွားကြရန် ဟူသော
ရည်မှန်းချက်နှင့် ဆန္ဒအပေါ်တွင်သာ အခြေခံသည်။ တိုင်းရင်းသားများ၏
လက်နက်ကိုင်တော်လှန်ရေး အရင်းခံ အကြောင်းတရားများမှာ နိုင်ငံရေးစနစ်ကြောင့်
ဖြစ်ပွားရခြင်း ဖြစ်သည်။ နိုင်ငံရေးကြောင့် ဖြစ်ပွားနေခဲ့ရသော
ပြည်တွင်းစစ် အား စစ်ရေးနည်းလမ်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့်
ဖြေရှင်းရန် လိုအပ်သည်”ဟု ဦးဆွမ်လွတ်ဂမ်က ဆွေးနွေးပွဲ အဖွင့်တွင်
ပြောကြားခဲ့သည်။
"စစ်ပွဲတွေ ပြီးစေချင်ရင် နိုင်ငံရေးကို ဆွေးနွေးရပါမယ်။ နိုင်ငံရေး
ပြဿနာ ပြေလည်ရင် တိုက်ပွဲတွေ မရှိတော့ပါဘူး။ နိုင်ငံရေး ပြဿနာ
မပြေလည်ရင်တော့ တိုက်ပွဲတွေ ရှိနေမှာပါ”ဟု ဦးဆွမ်လွတ်ဂမ်က ပြောပါသည်။
ထို့နောက် တိုင်းရင်းသားများအားလုံး ဘေးကင်းလုံခြုံစွာ အဆင့်အတန်းတူ၊
အခွင့်အလန်းတူ၊ ရပိုင်ခွင့်တူညီစွာဖြင့် စစ်မှန် သော ပြည်ထောင်စုအတွင်း၌
စုပေါင်းနေထိုင်နိုင်သည့် အာမခံချက် ရရှိရန်အတွက် အငြင်းပွားဖွယ်ရာ
ကြိုတင်ကန့်သတ် ချက်များမရှိသော နိုင်ငံရေးဆွေးနွေးမှုအား ယခုတွေ့ဆုံပွဲမှ
စတင်လိုကြောင်း ဦးဆွမ်လွတ်ဂမ်က ဆက်လက်ပြော ကြားသည်။
KIO ဘက်မှ တင်ပြလာသော နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးလိုကြောင်းကို
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော် ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ
ဦးအောင်မင်းက သဘောတူခဲ့ပြီး ယခုဆွေးနွေးပွဲအား အဆုံးသတ်ခဲ့ပါသည်။
နောက်တစ်ကြိမ် ဆွေးနွေးမှုကို မူဆယ် သို့မဟုတ် ဗန်းမော်တွင် ပြုလုပ်ရန်
ဦးအောင်မင်းက ကမ်းလှမ်းခဲ့ပြီး KIO အနေဖြင့် ဗဟိုကော်မတီနှင့်
ဆွေးနွေးပြီး အကြောင်းပြန်သွားမည်ဟု သိရသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO
ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့၏ ငြိမ်းချမ်း ရေးဆွေးနွေးပွဲသို့
ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း (
သမ္မတရုံး ၀န်ကြီးဌာန) ၊ ဦးဝင်းထွန်း (ပြည်ထောင်စုဝန်ကြီး၊
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ၀န်ကြီး)၊
ဦးအုန်းမြင့် (ပြည်ထောင်စုဝန်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန
ဝန်ကြီး)၊ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် (မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ် တိုင်းမှူး) ၊ ဗိုလ်မှူးချုပ် အောင်စိုး (
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)၊ ဦးလဂျွန်ငန်ဆိုင်း (
ကချင်ပြည်နယ် ၀န်ကြီးချုပ်)၊ ဗိုလ်မှူးကြီး သန်းအောင် (ပြည်နယ်ဝန်ကြီး၊
ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန) ၊ ဦးစ၀်အောင်မြတ်
(ရှမ်းပြည်နယ် ၀န်ကြီးချုပ်) ၊ ဗိုလ်မှူးကြီး အောင်သူ (ပြည်နယ် ၀န်ကြီး၊
ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန)၊ ဦးထွန်းထွန်းဦး(
ဒုတိယ ရှေ့နေချုပ်) ၊ ဗိုလ်ချုပ် ဇော်ဝင်း (ပြည်ထောင်စု ဒုတိယ ၀န်ကြီး၊
နယ်စပ်ရေးရာ ၀န်ကြီးဌာန)၊ ဗိုလ်မှူးကြီး ကျော်စွာဝင်း တို့ ပါဝင်ခဲ့ကြပြီး
ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တွင် ဦးဆွတ်လွတ်ဂမ်၊ ဦးလဖိုင်လ၊
ဦးဇော်ရော်၊ ဦးခွန်နောင်၊ ဦးဂျီးနောင်၊ ဦးဇော်တောင်၊ ဦးနော်ထွယ်၊
ဦးခွန်ဆိုင်းနှင့် ဦးဆိင်းခေါတို့ ပါဝင်ခဲ့ကြပါသည်။
No comments:
Post a Comment