Monday, November 5, 2012

မြောက်ဦး မီးဘေးသင့် ဒုက္ခသည်စခန်းများတွင် ၁ဝ နှစ်အောက် ကလေးများ ကာလဝမ်းရောဂါဖြစ်ပွား

ရခိုင်ပြည်နယ် အတွင်း တစ်ကျော့ပြန် ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် မြောက်ဦးမြို့ပေါ်ရှိ မီးဘေးသင့် ရခိုင်ဒုက္ခသည် စခန်းများ၌ အသက် ၁ဝ နှစ်အောက် ကလေးငယ်များ ယခုရက်ပိုင်းမှ စတင်ကာ ကာလဝမ်းရောဂါများ ဖြစ်ပွားလျက်ရှိကြောင်း ယင်းဒုက္ခသည် များကို ကူညီစောင့်ရှောက် နေသည့် ဘုန်းတော် ကြီးများ နှင့် လူမှုကူညီရေး အဖွဲ့အစည်းများထံမှ သိရှိရသည်။
"ဦးပဉ္စင်းကျောင်းက ကလေးသုံးယောက် ဆိုရင် တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော် ဖြစ်ပြီး ချက်ချင်းဆေးရုံ ပို့လိုက်ရတယ်" ဟု မြောက်ဦးမြို့ အောင်မြေဗောဓိ သာသနာ့ရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

ယင်းသို့ ကလေးငယ်များ အပြင်းအထန် ဝမ်းရောဂါ ဖြစ်ပွားရခြင်းမှာ
ရာသီဥတု အပြောင်းအလဲ များနှင့် ကြုံ ကြိုက်ခြင်း၊ ဒုက္ခသည်များ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း၊ အစားအသောက် မသန့်ရှင်းခြင်းနှင့် ယင်လုံအိမ်သာများ အလုံအလောက် မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ယင်းဒုက္ခသည် များကို ကျန်းမာရေး စောင့်ရှောက်မှု များ လုပ်ကိုင်နေသည့် ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။ ယင်းဒုက္ခသည် စခန်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှု များကို မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှ သူနာပြု ဆရာမ လေးဦးက တာဝန်ယူ ကုသပေးနေသော်လည်း လူနာအရေအတွက် များပြားသဖြင့် လက်လှမ်းမမီ ဖြစ်နေကြောင်း မြောက်ဦးမြို့ အောင်မြေဗောဓိကျောင်း ဆရာတော်က မိန့်ကြားသည်။
"နေမကောင်းတဲ့ သူက ဒီရက်ပိုင်းအတွင်း ပိုများလာတယ်။ နေမကောင်းတာ ကလည်း အကုန်လုံး ကလေးတွေ ပဲ။ ဆရာမတွေက ဟိုပြေး ဒီပြေးနဲ့ လက်မလည်အောင် ကုနေရတယ်" ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

ဒေသတွင်း ပဋိပက္ခ ဖြစ်ပွားမှုများကြောင့် မြောက်ဦးမြို့နယ်ရှိ ဘင်္ဂါလီ ကျေးရွာများနှင့် နီးသော ရခိုင်တိုင်းရင်းသား ကျေးရွာ ၁၄ ရွာမှာ မိမိတို့၏ အသက်ဘေး အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်၍ မြောက်ဦးမြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်လာကြကြောင်း၊ ၄င်းတို့ကို မြောက်ဦးမြို့ အောင်မြေဗောဓိ သာသနာ့ရိပ်သာ အလိုတော်ပြည့် ကျောင်းအပါအဝင် ရွှေဂူတောင်ကျောင်း၊ အောင်ရတနာကျောင်း၊ လက်ကောက်ဈေးကျောင်းနှင့် ရွှေကြာသိမ် ကျောင်းတို့တွင် နေရာချပေး ထားကြောင်း ဆရာတော်က မိန့်ကြားသည်။ အလားတူ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့် ဒေသများရှိ ဒုက္ခသည် စခန်းများ တွင်လည်း ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်လျက်ရှိကြောင်း ဒေသခံများနှင့် လူမှုအဖွဲ့အစည်း များထံမှ သိရှိရသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ယာယီ ဖွဲ့စည်းထားသော သတင်းပြန်ကြားရေး အဖွဲ့မှ အဖွဲ့ဝင်ဦးမျိုးသန်းကို ဆက်သွယ် မေးမြန်းခဲ့ရာ ဒုက္ခသည် စခန်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို အစိုးရအဖွဲ့ အနေဖြင့် ကူညီဆောင်ရွက်လျက် ရှိကြောင်း ပြန်လည် ဖြေကြားသည်။

The Voice Weekly

No comments:

Post a Comment