ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Monday, November 5, 2012
ယခင်မသုံးရသည့်စွန်းထင်း၊ ဟောင်းနွမ်း၊ စုပ်ပြဲသည့် အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေကြေး အချို့အား လက်ခံရန် ဗဟိုဘဏ်ညွှန်ကြား
နိုင်ငံခြားငွေကြေးဈေးကွက် ယခုထက် ပိုမိုတိုးတက်လာစေရန်အတွက် စွန်းထင်း၊ ဟောင်းနွမ်း၊ အနည်းငယ်စုပ်ပြဲနေသည့် အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေကြေးအချို့အား လက်ခံရန် ဗဟိုဘဏ်မှ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရှိရသည်။
အဆိုပါ ညွှန်ကြားချက်အရ ယခင်က လက်ခံခြင်းမပြုရသည့် နိုင်ငံခြားငွေကြေးများအား ဟောင်းနွမ်း နေသော်လည်း အစစ်အမှန်ဟု အလွယ်တကူခွဲခြားနိုင်သော
ငွေစက္ကူ၊ Money Changer ၏ Seal တံဆိပ်များ ရိုက်နှိပ်ထားသော ငွေစက္ကူ၊ မင်ရာများ၊ လက်မှတ်များ ပါရှိနေသော ငွေစက္ကူ၊ အနည်းငယ်စွန်းထင်းပြီး Spot အစက်ပါရှိသောငွေစက္ကူ၊ ငွေစက္ကူခေါက်ရိုးကျိုး၍ အနည်းငယ်ပွန်းနေပြီး မျက်နှာပြင်၌ အစွန်းကွက် အနည်းငယ်ရှိနေသော်လည်း အစစ်အမှန်ဟု အလွယ်တကူဆုံးဖြတ်နိုင်သော ငွေစက္ကူနှင့် ငွေစက္ကူ အနား ထောင့်စွန်းများ အနည်းငယ် စုပ်ပြဲနေသော်လည်း ဆွေးမြေ့ခြင်းမရှိသော ငွေစက္ကူတို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတာဝန်ခံ၊ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က “လက်ရှိမှာ ပြည်တွင်းငွေကြေးဈေးကွက်ဒီထက်ပိုပြီး ဖွံ့ဖြိုးလာစေဖို့အတွက် ဟောင်းနွမ်းနေတာပဲဖြစ်ဖြစ်၊ စုပ်ပြဲနေတာပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ငွေလဲကောင်တာက၀ယ်လို့ ဒေါ်လာအဟောင်း ပါလာရင်လည်း ၀ယ်တဲ့ပြည်သူတွေက လက်ခံကြမှာပါ။ ကောင်တာတွေကလည်း အဟောင်းတွေ အစွန်းပါတာတွေ လာရောင်းရင်လည်း လက်ခံဖို့ကို ညွှန်ကြားထားပါတယ်။ အမေရိကန်ဒေါ်လာကို ပြည်တွင်းကျပ်ငွေတွေလို လွတ်လွတ်လပ်လပ်သုံးကြပါ” ဟုလည်း ပြောကြားခဲ့သည်။
ပြည်တွင်းငွေကြေးဈေးကွက် ဖွံ့ဖြိုးစေရန်အတွက် နိုင်ငံခြားငွေများ ရောင်းဝယ်ခြင်း၊ နိုင်ငံခြားငွေဖြင့် စာရင်းရှင်အပ်ငွေစာရင်းများ ဖွင့်လှစ်ခွင့်လုပ်ငန်းများကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များတွင် ဆောင်ရွက်ခွင့်ပြု ထားပြီးဖြစ်ကြောင်း သိရှိရသည်။
Eleven Media Group
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment