တရုတ်အရှေ့ပိုင်းရှိ နင်ပိုမြို့တွင် ယွမ် ၅၅ ဒသမ ၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၈
ဒသမ ၉ ဘီလျံ) တန်ဖိုးရှိ ရေနံဓာတုစက်ရုံကို တိုးချဲ့မည့်
အစီအစဉ်များကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်နိုင်မှုကို
စိုးရိမ်သဖြင့် ဒေသခံများက တစ်ပတ်ကြာဆန္ဒပြခဲ့ရာ ယင်းအစီအစဉ်များကို
ဖျက်သိမ်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အောက်တိုဘာလ ၂၇ ရက်တွင်
ဖော်ပြခဲ့သည်။
ကျင်ဟိုင်းခရိုင်ရှိ ယင်းစီမံကိန်းအတွက် အချေအတင်ဆွေးနွေးရန်
စက်ရုံတိုးချဲ့မည့် အစီအစဉ်များကို ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ဟု
နင်ပိုမြို့အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး၏ ပြောကြားချက်ကို နိုင်ငံပိုင်
China News Service က ထုတ်ပြန်ခဲ့သည်။
တရုတ်အကြီးဆုံး ရေနံသန့်စင်စက်ရုံ China Petroleum and Chemical
Coporation (Sinopec) နှင့် ဖက်စပ်ပိုင်ဆိုင်သော ယင်းစက်ရုံတွင်
ကင်ဆာဖြစ်စေသည့် paraxylene (ပိုလီအက်စတာ ထုတ်လုပ်ရာတွင်
အသုံးပြုသောပစ္စည်း) စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ဒေသခံများက
ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ဒေသခံများက အောက်တိုဘာ လ ၂၆ ရက်တွင် ဆန္ဒပြမှုများပြုလုပ်စဉ်
အကြမ်းဖက်မှုများ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း ရဲတပ်ဖွဲ့က
မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်မှု ရှိခဲ့ကြောင်းလည်း
တရုတ်ဝက်ဘ်ဆိုက်ဝေပိုတွင် သတင်းများ ဖော်ပြခဲ့ကြသည်။ အောက်တိုဘာလ ၂၇
ရက်တွင် ဒေသခံ ၁၀၀၀ ကျော်က ထပ်မံဆန္ဒပြခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များစွာက
ဟန့်တားခဲ့သည်။
မြို့ခံအစိုးရက စက်ရုံတိုးချဲ့မည့် အစီအစဉ်များ ရပ်ဆိုင်းမည်ဟု
ကတိပြုခဲ့သော်လည်း ဒေသခံများကမူ အစိုးရတာဝန်ရှိသူများအပေါ် အယုံအကြည်မရှိဘဲ
စီမံကိန်းပြန်လည်စတင်မည်ကို သံသယဖြစ်နေသည်။
နိုင်ငံအရှေ့မြောက်ပိုင်းရှိ တာ့လျန်ဆိပ်ကမ်းမြို့တွင် paraxylene
စက်ရုံတည်ဆောက်မည့် အစီအစဉ်ကိုလည်း ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုများကြောင့်
၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ရပ်ဆိုင်းခဲ့ရသည်။
ယခုနှစ်ဇူလိုင်လတွင်လည်း နိုင်ငံအရှေ့ပိုင်းတွင် ဂျပန်ပိုင်ဆိုင်သော
စက္ကူစက်ရုံမှ တည်ဆောက်မည့် ရေဆိုးစွန့်ပစ်စနစ်ကြောင့် ညစ်ညမ်းမှု
ဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် လူထောင်ပေါင်းများစွာက ဆန္ဒပြခဲ့ရာ
ယင်းစီမံကိန်းကို ရပ်ဆိုင်းပေးခဲ့သည်။
ယခုနှစ်ဆန်းပိုင်းတွင် နိုင်ငံအနောက်တောင်ပိုင်း၊ စီချွမ်ပြည်နယ်ရှိ
ရှီဖန်းမြို့တွင် သတ္တုစက်ရုံတည်ဆောက်မည့် စီမံကိန်းတစ်ခုကို
လူရာပေါင်းများစွာက ဆန္ဒပြမှုကြောင့် အစီအစဉ်ဖျက်ခဲ့ရသည်။
ယခုဆန္ဒပြမှုမှာ ဆယ်စုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာ
အာဏာလွှဲပြောင်းပေးမှုပြုလုပ်မည့် တရုတ်ခေါင်းဆောင်များအတွက်
အဓိကစိန်ခေါ်မှုအဖြစ် မီးမောင်းထိုးခံရသည်။
Eleven Media Group
No comments:
Post a Comment