ရန်ကုန်မြို့ရှိ လှည်းတန်းခုံးကျော်တံတားဆောက်လုပ်မှုလုပ်ငန်းမှာ
ယခုလက်ရှိတွင် ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ဒီဇင်ဘာလအတွင်းအပြီး
တည်ဆောက်ရန်ညွှန်ကြားထားသော်လည်း လာမည့် ၂၀၁၃ ခုနှစ် ဧပြီလမှသာ
အပြီးသတ်တည်ဆောက်နိုင် မည်ဖြစ်ကြောင်း သိရှိရသည်။
လှည်းတန်းခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီမှ
တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလက ပန္နက်တင်ခဲ့ကာ
တံတားပုံစံထုတ်ခြင်းနှင့် ဒီဇိုင်းဆွဲခြင်းတို့အား
အမေရိကန်နည်းပညာကိုအခြေခံပြီး စင်ကာပူနိုင်ငံမှ
ရေးဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်အများဆုံးသွားလာသော လုပ်ငန်းများကို
အင်္ဂလန်နည်းပညာကိုအခြေခံ၍ Traffic Engineering ကုမ္ပဏီက
ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တံတားမှာ သံမဏိ၊ သံယက်မနှင့် သံကူကွန်
ကရစ်တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာများ ပြေလည်စေရန်အတွက်
လမ်းဆုံမီးပွိုင့်များဖြစ်သော လှည်းတန်း၊
ရွှေဂုံတိုင်နှင့်ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်
တံတားများဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းတို့အနက်
လှည်းတန်းခုံးကျော်တံတားကို ပထမဆုံးစတင်ခဲ့ခြင်းဖြစ်ကြောင်း၊
တံတားတည်ဆောက်ရေးလုပ်ငန်း ပြုလုပ်နေစဉ်အတွင်း
ယာဉ်ကြောပိတ်ဆို့မှုများရှိနေခြင်းကြောင့် တံတားအား ယခုနှစ် ဒီဇင်ဘာလတွင်
အပြီးတည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က
တိုက်တွန်းညွှန်ကြားခဲ့ကြောင်း၊ သို့သော် ရွှေတောင်ကုမ္ပဏီမှ လာမည့် ၂၀၁၃
ခုနှစ် ဧပြီလမှသာအပြီးသတ်တည်ဆောက်နိုင်မည်ဟု ပြန်လည်တင်ပြခဲ့ကြောင်း
သိရှိရပါ သည်။
ယခုလက်ရှိ လှည်းတန်းခုံးကျော်တံတားမှာ တံတားဘိုးပိုင်လုပ်ငန်းများနှင့်
ပိုင်ကတ်လုပ်ငန်းများပြီးစီး၍ ပင်မတံတားကြမ်းခင်းလုပ်ငန်းများ
ဆက်လက်လုပ်ဆောင်နေပြီး လှည်းတန်းခုံးကျော်တံတားမှာ ပြည်လမ်းတစ်ခုတည်းကိုသာ
တံတားထိုး ကာ အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် လှည်းတန်းလမ်းတို့ကို
ယခင်အတိုင်းထားရှိကာ သွားလာစေမည်ဖြစ်သည်။
တံတားဆောက်လုပ်ရန်အတွက် ကမ္ဘောဇဘဏ်မှ ချေးငွေကျပ်သန်းပေါင်း ၉၀၀၀
ကျော်ရယူခဲ့ကြောင်း သိရှိရသည်။ ရန်ကုန်မြို့ရှိ ခုံးကျော်တံတားလေးစင်း
(လှည်းတန်းခုံးကျော်တံတားတစ်စင်း၊ ဘုရင့်နောင်ခုံးကျော်တံတားနှစ်စင်းနှင့်
ရွှေဂုံတိုင်ခုံးကျော်တံတားတစ်စင်း)တို့ တည်ဆောက်ရန်အတွက် ငွေကျပ် ၄၉ ဒသမ
၃၀၆ ဘီလီယံခန့်သုံးစွဲမည်ဟု လျာထားပြီး လှည်းတန်းခုံးကျော်တံတားအတွက် ၁၄
ဒသမ ၄၈၇ ဘီလီယံကုန်ကျမည်ဟု လျာထားကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment