မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားခုနစ်မျိုးကို
ယခင်သက်တမ်းသုံးနှစ်သာပေးရာမှ ယခုအခါတွင် ငါးနှစ်အထိတိုးမြှင့်ပြီး
နိုဝင်ဘာလ ၁ ရက်နေ့လျှောက်ထားသူများမှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးရုံး(ရန်ကုန်)မှ ဌာနခွဲမှူး ရဲမှူး
စိုးထွန်းအောင်ထံမှ သိရှိရသည်။
''ကျွန်တော်တို့ကတော့ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးပါတယ်။ အဲဒီမှာ
သင်္ဘောသား၊ အလုပ်၊စီးပွားရေး၊ ကျောင်းသား၊ ဘာသာရေး၊ အလည်နဲ့ မှီခိုဆိုပြီး
အမျိုးအစားခုနစ်မျိုး ထုတ်ပေးပါတယ်။ အဲဒီခုနစ်မျိုးစလုံးကို
အရင်သုံးနှစ်သက်တမ်းပေးရာကနေ အခုငါးနှစ်သက်တမ်းတိုးပေးသွားမှာဖြစ်ပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့မှာ လာလျှောက်တဲ့သူတွေကစပြီး ငါးနှစ်သက်တမ်းရှိတဲ့
နိုင်ငံကူးလက်မှတ်ကိုထုတ်ပေးသွားမှာ ဖြစ်ပါတယ်။အရင်ကတော့
သင်္ဘောသားပတ်စပို့ကိုပဲ ငါးနှစ်သက်တမ်းပေးခဲ့တာဖြစ်ပါတယ်'' ဟု
ရဲမှူးစိုးထွန်းအောင်က ပြောကြားခဲ့သည်။
နိုင်ငံကူးလက်မှတ်သက်တမ်းကို
ငါးနှစ်တိုးမြှင့်ပေးသော်လည်း
နိုင်ငံကူးလက်မှတ်လုပ်ထုံးလုပ်နည်းများပြောင်းလဲခြင်း၊
ငွေကြေးပေးသွင်းမှုများ ပြောင်းလဲခြင်းများမရှိဘဲ
ယခင်နှုန်းအတိုင်းသာကျသင့်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
''သက်တမ်းကို
ငါးနှစ်တိုးပေးပေမယ့် အရင်အတိုင်းပဲ ကုန်ကျမှာ ဖြစ်ပါတယ်။
စာအုပ်သက်တမ်းတိုးလို့ ကျန်တာဘာမှတိုးတောင်းတာ မရှိပါဘူး။ စာအုပ်ဖိုးလည်း
အရင်အတိုင်းပါပဲ '' ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ယခုကဲ့သို့
နိုင်ငံကူးလက်မှတ် သက်တမ်းကိုတိုးမြှင့်ပေးရခြင်းမှာ
ပြည်သူများအဆင်ပြေစေရန်အတွက် ဖြစ်ကြောင်းကိုလည်း ''
ဒီလိုသက်တမ်းတိုးမြှင့်ပေးရတာက ပြည်သူတွေအဆင်ပြေအောင်ဖြစ်ပါတယ်။
အရင်က သုံးနှစ်ပေးတယ်။ ဒါပေမယ့် ဗီဇာလျှောက်ရင် ခြောက်လ
သက်တမ်းရှိရမယ်ဆိုလို့ လက်ထဲမှာ နှစ်နှစ်ခွဲပဲကိုင်ရမယ်။ အခုလက်ထဲမှာ
လေးနှစ်ခွဲကိုင်လို့ရတယ်ဆိုတော့ ပိုအဆင်ပြေမှာဖြစ်ပါတယ်'' ဟု ၎င်းက
ထပ်မံပြောကြားခဲ့သည်။
ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်သက်တမ်းကို
ငါးနှစ်သို့ တိုးမြှင့်ပေးခြင်းကိုအကြောင်းပြု၍ ကြားခံ ဆောင်ရွက်ပေးသူများက
အခြားလုပ်ဆောင်ရမည့်အချက်များ၊ စာအုပ်ဖိုးပေးသွင်းရာတွင်
ယခင်ပေးသွင်းရသည့်နှုန်းထက် ပိုမိုပေးသွင်းရသည်ဟုပြောဆိုမှုများကိုလည်း
နိုင်ငံကူးလက်မှတ်လျောက်ထားသူများ အနေဖြင့် သတိထားရန်လိုအပ်ပြီး
နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရာတွင် လိုအပ်သည့်အချက်များ၊
ပေးသွင်းရသည့်ငွေကြေးကုန်ကျမှုများကိုလည်း အများပြည်သူများသိရှိနိုင်ရန်
ဆောင်ရွက်ပေးထားသည်ဟု သိရှိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ
ဇူလိုင်လကုန်အထိ ခုနစ်လတာကာလအတွင်း နိုင်ငံကူးလက်မှတ် တစ်သိန်း
နှစ်သောင်းကျော် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
Eleven Media Group
No comments:
Post a Comment