ကမ္ဘာပေါ်တွင် ကျောက်မီးသွေးသုံး
လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော ပတ်ဝန်းကျင်ညစ်ညမ်းမှုများ
လျှော့ချရန် ကြိုးပမ်းဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံတွင်
လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြောင့် ကျောက်မီးသွေးသုံး
လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် ခွင့်ပြုလာခြင်းအပေါ်
ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများနှင့် ဒေသခံများက
ဝေဖန်ကန့်ကွက်ပြောဆိုမှုများ ရှိလာသည်။
ကာဗွန်ထုတ်လွှင့်မှုများသော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများရှိသည့် အိမ်နီးချင်းထိုင်းနိုင်ငံတွင် ပြည်သူများ၏ ကန့်ကွက်မှုများကြောင့် စွမ်းအင်လိုအပ်မှုကို မြန်မာနိုင်ငံမှ ဓာတ်ငွေ့ဝယ်ယူသုံးစွဲခြင်းဖြင့် ဖြေရှင်းလျက်ရှိသည်။
“သူများနိုင်ငံမှာ လျှော့ဖို့စဉ်းစားနေတဲ့အချိန်မှာ အခုလို ကျောက်မီးသွေးနဲ့ထုတ်ဖို့ စဉ်းစားတာတော့ မကောင်းဘူး။ ဆိုးကျိုးကောင်းကျိုးတွေကို မြင်နေရတော့ သင်ခန်းစာယူသင့်နေပြီ”ဟု မြိတ်မြို့နယ်တွင် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုအပေါ် ကန့်ကွက်သည့် မြို့ခံကိုဥက္ကာကပြောကြားသည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနော့ဆိုက်၊ ဟိုက်ဒရိုကာဘွန်၊ မီသိမ်း၊ မီးခိုးပြာလွင့်အမှုန်အမွှားများ အာဆင်းနစ်၊ ဘော့၊ ခရိုမီယမ်၊ ခဲ၊ မဂ္ဂနီးစ်ကတ်မီယံ၊ သွပ်၊ ပြဒါးနှင့် ရေဒီယိုဓာတ်ကြွပစ္စည်းများ ထွက်ပေါ်လေ့ရှိသည်။
စွန့်ပစ်ပစ္စည်းများ လူ့ခန္ဓာကိုယ်အတွင်းရောက်ရှိပါက ကင်ဆာရောဂါ၊ အဆုတ်ရောဂါနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပေါ်နိုင်ကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများမှာ အက်ဆစ်မိုးရွာသွန်းခြင်းနှင့် ဂေဟစနစ်ပျက်ယွင်းခြင်းများ ကြုံတွေ့လာနိုင်ဖွယ်ရှိကြောင်း ပြည်တွင်းရှိ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများကပြောသည်။
ထုတ်ယူသည့် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ အရွယ်အစားပေါ်မူတည်၍ ထွက်ရှိလာမည့် စွန့်ပစ်ပစ္စည်းအနည်းအများကြောင့် ဖြစ်ပွားနိုင်သော ရောဂါများသည်လည်း အချိန်ကာလပြောင်းလဲနိုင်ကြောင်း ပတ်ဝန်းကျင်လှုပ်ရှားသူများက သုံးသပ်ပြောကြားသည်။
လက်ရှိတွင် မဂ္ဂါဝပ် ၁၂၀ ထုတ်လုပ်နေသော တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လွှတ်နေသော ဓာတ်ငွေ့များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း သတ္တုတွင်းဝန်ကြီးဌာန ကျောက်မီးသွေးမိုင်းတွင်းများတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာစောမိုးမြင့်ကပြောသည်။
လက်ရှိ တစ်နိုင်ငံလုံးတွင် သုံးစွဲနေသော လျှပ်စစ်ဓာတ်အားတွင် ရေအားလျှပ်စစ်မှ ၇၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၂၄ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၄ ရာခိုင်နှုန်းရှိသည်။ ယင်းပမာဏသည် လုံလောက်သော ပမာဏမဟုတ်ချေ။ လျှပ်စစ်ဓာတ်အား လိုအပ်ချက် များပြားနေသောကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေမည့် အသုံးချမှုများ မပြုလုပ်ဘဲ သဘာဝဓာတ်ငွေ့မှ ထုတ်ယူသုံးစွဲရန် အစိုးရအား မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရန် ကန့်ကွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက ထောက်ပြပြောဆိုလာကြသည်။
လျှပ်စစ်လိုအပ်ချက်ပြဿနာကို ဖြေရှင်းရာတွင် အများကထောက်ပြကြသည့် ပြဿနာမှာ သဘာဝဓာတ်ငွေ့ကို ပြည်ပနိုင်ငံများသို့ နှစ်ပေါင်းများစွာ စာချုပ်များချုပ်ဆို ရောင်းချထားခြင်းဖြစ်သည်။ ထို့ကြောင့် သဘာဝဓာတ်ငွေ့မှ ထုတ်ယူသုံးစွဲရန် အခက်တွေ့နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက သုံးသပ်ပြောကြားသည်။
ထို့ကြောင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို မဖြစ်မနေသုံးစွဲမည့် အခြေအနေတွင် ရှိသောကြောင့် အသုံးပြုရာတွင် Clean Cold နည်းပညာဖြင့်သုံးစွဲရန် နည်းပညာမြင့်မားသည့် ဂျပန်နိုင်ငံသို့ သမ္မတကိုယ်တိုင် သွားရောက်လေ့လာမှုများ ပြုလုပ်နေကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကျောက်မီးသွေးတန်ချိန် ၂၅၈ သန်း ထွက်ရှိမည့်သတ္တုသိုက် ၁၆ ခုရှိသည်။ ယင်း ၁၆ ခုအနက် တတိယတန်းအမျိုးအစား ကျောက်မီးသွေးကို ကလေးဝ၊ ဓားသွေးကျောက်၊ ပလူဇ၀ချောင်းဆုံ၊ ကျေးသီး-မန်ဆန်၊ မောတောင်၊ သိန္ဓော-ခေါမပြင်၊ တီကျစ်တို့တွင် ထုတ်ယူနိုင်သည်။ ယင်းကျောက်မီးသွေးများသည် ကာဗွန်ပါဝင်မှု ၅၀ ရာခိုင်နှုန်းရှိသောကြောင့် အရေအတွက်အများအပြား အသုံးပြုရမည့် ကျောက်မီးသွေးအမျိုးစားဖြစ်သည်။ မြန်မာနိုင်ငံတွင် Clean Cold နည်းပညာဖြင့် ထုတ်လုပ်မည့် ကျောက်မီးသွေးအမျိုးအစားမှာ အဆင့်မီခြင်းမရှိသေးချေ။
အစိုးရက ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဂျပန်နည်းပညာဖြစ်သည့် Clean Cold Tecon ဖြင့် လုပ်ဆောင်မည်ဟု ကတိပြုထားသော်လည်း လက်ရှိ လုပ်ငန်းဆောင်ရွက်မှုအပေါ် မူတည်၍ ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက မေးခွန်းထုတ်လာကြသည်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာ လျှော့ချမည့် နည်းပညာကို အသုံးပြုပါက ကုန်ကျစရိတ်ကြီးမားခြင်းနှင့် ကျန်းမာရေးပြဿနာများလည်း ရှိနိုင်သောကြောင့် ရွေးချယ်စရာမရှိသည့် အခြေအနေတွင်သာ အသုံးပြုသင့်ကြောင်း ပြန်ပြည့်မြဲစွမ်းအင်အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်ကပြောသည်။
ဂျပန်နိုင်ငံ၏ Clean Cold နည်းပညာကို အသုံးပြုမည်ဆိုသော်လည်း ယင်းနည်းပညာဖြင့် အမှန်တကယ် အသုံးပြုမှု ရှိ၊ မရှိကို စစ်ဆေးနိုင်သည့် နည်းပညာရှင်များ လိုအပ်ပြီး ခေတ်မီလေထုတိုင်းတာ စက်ပစ္စည်းများလည်း လိုအပ်ကြောင်း၊ ယင်းနည်းပညာဖြင့် ထုတ်ယူမှုမရှိပါက စည်းကမ်းနှင့် ပြစ်ဒဏ်များကိုလည်း ချမှတ်သင့်ကြောင်း ဒေါက်တာစောမိုးမြင့်ကပြောသည်။
“အခြားနိုင်ငံက သယ်မယ်ဆို ဘယ်လိုသယ်မလဲ။ သူက တူးဖော်တဲ့နေရာမှာလည်း ဒုက္ခပေးသလို သယ်တဲ့အခါလည်း ဒုက္ခပေးမယ်။ ရေရှည်တွက်ချက်ရင် သယ်ယူတဲ့စရိတ်ကများလို့ စရိတ်စကများနိုင်တယ်။ အခုလုပ်နေတဲ့ စက်ရုံတွေက အဲဒီလောက်ကုန်ကျနိုင်မယ်လို့ မထင်ဘူး။ ပြည်တွင်းကသုံးမယ်။ အချို့စာရင်းဇယား အချက်အလက်ကို ပြည်သူကိုချပြမယ်မထင်ဘူး။ နောက်ဒီလိုလုပ်နေပါတယ်လို့ စိစစ်မယ့်အဖွဲ့လိုတယ်။ စိစစ်တဲ့အဖွဲ့ကလည်း ရလာတဲ့အချက်အလက်တွေကို ပြည်သူကိုချပြရမယ်။ အမှန်တကယ် ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ပါ့မလား”ဟု ထိုင်းနိုင်ငံအခြေစိုက် မဟာမဲခေါင်စွမ်းအင်ဖွံ့ဖြိုးရေးအဖွဲ့တွင် သုတေသနလုပ်ငန်းများလုပ်နေပြီး ကျောက်မီးသွေးနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိသူ ဒေါ်ပြည့်ပြည့်သန့်ကပြောသည်။
ပြည်တွင်းမဂ္ဂါဝပ်အနည်းငယ်ဖြင့် လည်ပတ်ထုတ်လုပ်နေသော ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့် နေရာသုံးခုကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်နေကြပြီး ဒေသခံများ လက်ရှိခွင့်ပြုထားသည့် စက်ရုံများကို စိစစ်ထိန်းချုပ်မည့် သက်ဆိုင်ရာ၏ စီမံခန့်ခွဲမှု အစီအမံများအပေါ်လည်း သံသယရှိနေကြသည်။
“တဖြည်းဖြည်းတိုးထုတ်ရတာ လွယ်တယ်။ စက်ကို အလုံးတိုးရုံပဲ”ဟု ဒေါက်တာစောမိုးမြင့်ကပြောသည်။
အကြောင်းမှာ ယင်းပမာဏအတိုင်း ကျောက်မီးသွေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား အနည်းငယ်သာထုတ်လုပ်နိုင်သော စက်ရုံများဖြစ်သော်လည်း လျှပ်စစ်ဓာတ်စက်များကို တပ်ဆင်ပြီး တိုးချဲ့ရန် လွယ်ကူသောကြောင့် နှစ်ကြာလာသည့်အမျှ တိုးချဲ့လာမည့် မမြင်ရသော အစိုးရ၏မူဝါဒအား ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများနှင့် ဒေသခံများက သံသယရှိနေကြသည်။
မြန်မာနိုင်ငံတွင် ယခင်က ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံသုံးရုံ တည်ဆောက်ခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်တွင် ပျက်စီးယိုယွင်းလာသော သက်တမ်းရင့်စက်ရုံများကို ဖျက်သိမ်းခဲ့သည်။
လက်ရှိတွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ မဂ္ဂါဝပ် ၁၂၀ သာ ထုတ်ယူနိုင်သည့် တီကျစ်ကျောက်မီးသွေးစက်ရုံသာရှိသည်။
ဝေဖန်မှု၊ ကန့်ကွက်မှုများနောက်တွင် အစိုးရက အဓိက လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားပြဿနာကို ဖြေရှင်းရန် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တနင်္သာရီတိုင်းဒေသကြီးရှိ ကော့သောင်း၊ မြိတ်၊ ဘုတ်ပြင်းမြို့နယ်တို့တွင် တည်ဆောက်ရန် ခွင့်ပြုလိုက်သည်။
7Day News
အိမွန်ဖြူ

No comments:
Post a Comment