Thursday, November 1, 2012

မြန်မာသင်္ဘောသားများ အိမ်နီးချင်းနိုင်ငံများတွင် အလုပ်အကိုင်ရရေး ဆောင်ရွက်မည်

မြန်မာသင်္ဘောသားများ အိမ်နီးချင်းများတွင် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးသက်ဌေးကပြောသည်။
အဓိကအားဖြင့် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများတွင် မြန်မာသင်္ဘောသားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် အဓိကဆောင်ရွက်သွားမည်ဟု ၎င်းကပြောသည်။ မြန်မာသင်္ဘောများအတွက် ဒုတိယတန်းစားအရာရှိများကို ကမ်းရိုးတန်းအိမ်နီးချင်းနိုင်ငံများတွင် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် စင်ကာပူနိုင်ငံအပြင် အခြားနိုင်ငံများနှင့် အောက်တိုဘာ ၁၇ ရက်က ပြုလုပ်ခဲ့သော အာဆီယံဆိုင်ရာ ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အဓိကထားဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲတွင် အိမ်နီးချင်းနိုင်ငံအချင်းချင်း အာဆီယံနိုင်ငံများ၏ ကိုယ်ပိုင်သင်္ဘောဈေးကွက်များ ဖော်ဆောင်ရေး၊ သင်္ဘောအရာရှိများ၏ လုပ်ခလစာနှုန်းများ သတ်မှတ်ခြင်း၊ ဆိပ်ကမ်းဘက်ဆိုင်ရာဝန်ထမ်းများ လေ့ကျင့်သင်ကြားပေးခြင်း၊ အဆင့်မြင့်ရေကြောင်းနည်းပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ ထူထောင်နိုင်ရေးနှင့် သင်္ဘောဝန်ထမ်းများအတွက် လေ့ကျင့်သင်ကြားမှု အစီအစဉ်များနှင့် အလုပ်အကိုင်ခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
“မြန်မာသင်္ဘောသားအများစုက စင်ကာပူကမှတစ်ဆင့် လိုင်းကြီးတွေဖြစ်တဲ့ ဥရောပနိုင်ငံက သင်္ဘောကုမ္ပဏီတွေနဲ့ ချိတ်ဆက်သွားလာနေရတာ၊ ကုန်ကျစရိတ်က နှစ်ဆင့်ဖြစ်နေတာပေါ့”ဟု ဥရောပသင်္ဘောလိုင်းတစ်ခုတွင် ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ဖူးသော သင်္ဘောသားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံမှ တိုက်ရိုက်အိမ်နီးချင်းနိုင်ငံများရှိ သင်္ဘောကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါက လခနှုန်းထားမှာ တူညီသော်လည်း ကုန်ကျစရိတ်အားဖြင့် သက်သာလာနိုင်ကြောင်း အဆိုပါသင်္ဘောသားကပင်ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ သင်္ဘောသားဝန်ဆောင်မှုကုမ္ပဏီအများစုမှာ ဥရောပနိုင်ငံများရှိ သင်္ဘောသားကုမ္ပဏီများနှင့်
ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးကောင်းမွန်သော အိမ်နီးချင်းနိုင်ငံအများစုက လုပ်ကိုင်ဆောင်ရွက်ရန် ကမ်းလှမ်းမှုရှိလာပါက မြန်မာသင်္ဘောသားများအတွက် ရွေးချယ်စရာနှင့် အခွင့်အလမ်းကောင်းများ ရရှိနိုင်ကြောင်း UNITEAM သင်္ဘောသားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

7Day News
မိုးညို

No comments:

Post a Comment