Thursday, November 1, 2012

လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန် အာရှထိပ်သီးအသင်းများကို ကမ်းလှမ်း

ဆူဇူကီးဖလားသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိသည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ခြေစမ်းကစားရန်အတွက် အာဖရိကမှ ကင်မရွန်းအသင်း အပါအ၀င် အာရှထိပ်သီးအသင်းများအား ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။
အဖွဲ့ချုပ်သည် ယူအေအီး၊ ဘာရိန်း၊ အိန္ဒိယ၊ တာ့ခ်မင်နစ္စတန်၊ တရုတ်လက်ရွေးစင်အသင်းများအပြင် အာဖရိကမှ ကင်မရွန်းအသင်းကိုလည်း ယခုလ ၁၉ ရက်က တရားဝင်ကမ်းလှမ်းထားကြောင်း သိရသည်။ သို့သော် အဆိုပါ အသင်းများအနက် တရုတ်ဘောလုံးအဖွဲ့ချုပ်ကမူ ခြေစမ်းပွဲအား လာရောက်ကစားဖြစ်လိမ့်မည် မဟုတ်ဟု အကြောင်းပြန်ခဲ့ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ဆူဇူကီးဖလားခြေစစ်ပွဲ အောင်မြင်ပြီးနောက် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း၌ နောက်ဆုံးအဆင့် ပွဲစဉ်များကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲမတိုင်မီ နိုဝင်ဘာ ၁၄ ရက်၌ ရန်ကုန်မြို့တွင် ပြည်ပအသင်းတစ်သင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။
“ဆူဇူကီးဖလားမတိုင်ခင်မှာ ပြည်ပအသင်းတစ်သင်းနဲ့ ခြေစမ်းကစားနိုင်ဖို့ ကြိုးစားစီစဉ်နေပါတယ်။ နိုင်ငံခြားအသင်းတွေကို ကမ်းလှမ်းထားပေမယ့် အကြောင်းပြန်ကြားမှုတော့ မရသေးပါဘူး”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဘန်နီတင်အောင်က အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။
ဖိတ်ကြားထားသည့် အသင်းများအနေဖြင့် ထိပ်သီးအသင်းများ ဖြစ်သည့်အတွက် အဆိုပါအသင်းများနှင့် ခြေစမ်းရပါက မြန်မာအသင်းအတွက် အလွန်အကျိုးရှိနိုင်ကြောင်း လေ့လာသူများက ဆိုသည်။ ကင်မရွန်းအသင်းသည် လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၇၁ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ခြောက်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် အသင်းဖြစ်သည်။
ဆူဇူကီးဖလားခြေစစ်ပွဲပြီးနောက် ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲရှိသည့်အတွက် မြန်မာ့လက်ရွေးစင်အသင်း စခန်းဝင်လေ့ကျင့်မှုအား ခေတ္တရပ်နားထားခဲ့ပြီး လာမည့်နိုဝင်ဘာလဆန်းပိုင်းမှသာ ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာနည်းပြ ပတ်ဆောင်ဟွာအနေဖြင့် ခြေစစ်ပွဲမှ လူစာရင်းအား အပြောင်းအလဲပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ပြောကြားထားပြီး ရှုံးထွက်ပြိုင်ပွဲများသို့လည်း လိုက်လံကြည့်ရှုလျက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းက ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် ဆူဇူကီးဖလားခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် လာအိုအသင်းနှင့်အတူ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ နောက်ဆုံးအဆင့် ပြိုင်ပွဲများကို လာမည့် နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အုပ်စု(က)တွင် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

No comments:

Post a Comment