တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှု
မြင့်တက်ချိန်တွင် မြောက်ကိုရီးယားဘက်မှ ခြိမ်းခြောက်မှုများကို
တန်ပြန်ရန်ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို
တောင်ကိုရီးယားနိုင်ငံတွင် အောက်တိုဘာ ၂၅ ရက်နေ့က စတင်ပြုလုပ်ခဲ့သည်။
သီတင်းတစ်ပတ်ကြာမည့် နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုများတွင်
ကြည်း၊ ရေ၊ လေနှင့် မရိန်း တပ်ဖွဲ့ဝင်များနှင့် ရဲအရာရှိများ စုစုပေါင်း လူ
၂၄၀၀၀၀ ပါဝင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်အဖွဲ့ရုံး (JCS)
က ထုတ်ပြန်ခဲ့သည်။ ပြုံယမ်းက ရှုတ်ချထားသည့် စစ်ရေးလေ့ကျင့်မှုတွင်
အမေရိကန်စစ်သား ၅၀၀ ခန့် ပါဝင်မည်ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ပြုလုပ်သည့် Hoguk စစ်ရေးလေ့ကျင့်မှုသည်
မြောက်ကိုရီးယား၏ ရန်စမှုများအတွက် ပြင်ဆင်ရန် ကျယ်ကျယ်ပြန့်ပြန့်
ပြုလုပ်ထားခြင်းဖြစ်ပြီး လတ်တလောဖြစ်နေသည့် လုံခြုံရေးအခြေအနေများကို
ထည့်သွင်းစဉ်းစားထားကြောင်း JCS က ထုတ်ပြန်ခဲ့သည်။
ဒေသတွင်းပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေဟန် ဖန်တီးထားပြီး
ယင်းအခြေအနေနှင့် ရန်သူ၏ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်မှုတို့ကို
ဟန့်တားသည့် ပုံစံမျိုးဖြင့် လေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် ဒီဇင်ဘာတွင် သမ္မတရွေးကောက်ပွဲ ကျင်းပရန်အတွက်
အသင့်ပြင်ဆင် နေသည့်နှင့်အမျှ ကိုရီးယားကျွန်းဆွယ်နှင့် ပတ်သက်သည့်
တင်းမာမှုလည်း မြင့်တက်လာခဲ့သည်။
တောင်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်နိုင်သည့် အကွာအဝေးကို မြောက်ကိုရီးယား
တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သည့် အကွာအဝေးထိ သုံးဆနီးပါး တိုးချဲ့ရန်
အမေရိကန်နှင့် တောင်ကိုရီးယားတို့အကြား သဘောတူညီခဲ့မှုကို ပြုံယမ်းက
ရှုတ်ချခဲ့ပြီး အမေရိကန်ကုန်းတွင်းပိုင်းထိ ပစ်ခတ်နိုင်သည့် ဒုံးလက်နက်များ
ပိုင်ဆိုင်ကြောင်း ပြုံယမ်းက သတိပေးခဲ့သည်။
နယ်စပ်ဒေသတွင် ပြုံယမ်းဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ကြဲမှုများ
ပြုလုပ်ပါက မြောက်ကိုရီးယားဘက်က အမြောက်ဖြင့် ပစ်ခတ်မည်ဟု
ခြိမ်းခြောက်ခဲ့မှုကြောင့် လက်ကမ်းစာစောင်များ ဖြန့်ကြဲမှုမလုပ်ရန်
တောင်ကိုရီးယားရဲတပ်ဖွဲ့က တားမြစ်ခဲ့သည်။
Eleven Media Group
No comments:
Post a Comment