သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်တို့အကြား ဖြစ်ပွားနေသောအမှုကို ဒဂုံမြို့နယ်တရားရုံးက The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့်စွဲချက်တင်ကြောင်း အမိန့်ချမှတ်မှုကို The Voice ဂျာနယ်ဘက်မှ ကျေနပ်မှုမရှိသဖြင့် အနောက်ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်မှုလျှောက်ထားခဲ့ရာ အနောက်ပိုင်းခရိုင် တွဲဖက်တရားရုံးက မူလမြို့နယ် တရားရုံး၏အမိန့် အတည်ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
ခရိုင်ရုံးမှ ယင်းသို့ အမိန့်ချမှတ်ခဲ့သဖြင့် The Voice ဂျာနယ်ဘက်မှ ထပ်မံ၍ တိုင်းအဆင့်ထိ ပြင်ဆင်မှု လျှောက်ထားသွားမည်ဖြစ်ကြောင်း The Voice ဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက်သည့် အကျိုးဆောင်ရှေ့နေက ပြောကြားခဲ့သည်။
အနောက်ပိုင်းခရိုင် တွဲဖက်တရားရုံးတွင်
အောက်တိုဘာ ၂၆ ရက်နေ့တွင် အဆိုပါအမှုမှ နှစ်ဖက်အကျိုးဆောင်များက လျှောက်လဲချက်များ ပေးခဲ့ကြပြီး ခရိုင်တွဲဖက် တရားသူကြီးက နိုဝင်ဘာလ ၅ ရက်နေ့ (ယနေ့) တွင် မူလတရားရုံး၏ အမိန့်မှာ အတည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအမှုကို ဒဂုံမြို့နယ်တရားရုံးမှ လက်ရှိတွင် စစ်ဆေးကြားနာမှု မပြုလုပ်သော်လည်း ရုံးချိန်းကိုမူ ပုံမှန်ဆင့်ခေါ်ထားကြောင်း သိရသည်။ အဆိုပါအမှုကို မြို့နယ်တရားရုံးမှ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရုံးချိန်း ထပ်မံဆင့်ခေါ်ထားကြောင်း သိရသည်။
The Voice ဂျာနယ်အနေဖြင့် မတ်လ ၁၀ ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃ ၌ ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ သတင်းကို မျက်နှာဖုံး သတင်းအနေဖြင့် ဖော်ပြခဲ့သဖြင့် သတ္တုတွင်းဝန်ကြီးဌာနက ဒဂုံမြို့နယ်တရားရုံးသို့ ပုဒ်မ ၅၀၀ ဖြင့် တရားစွဲရန် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အပေါ် တရားစွဲဆိုထားခြင်းကို ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုအမှတ် ၅၁/၂၀၁၂၊ ပုဒ်မ ၅၀၀ ဖြင့် လက်ခံစစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယင်းအမှုကို ဒဂုံမြို့နယ်တရားရုံးက The Voice ဂျာနယ်ကို ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ကြောင်း အမိန့်ကို စက်တင်ဘာလ ၂၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအမိန့်ကို The Voice ဂျာနယ်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ခရိုင်သို့ ပြင်ဆင်မှုလျှောက်ထားခဲ့ပြီး အနောက်ပိုင်းခရိုင်တရားရုံးကလည်း လျှောက်ထားမှုကို လက်ခံစစ်ဆေးခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် မူလမြို့နယ်တရားရုံး (အောက်ရုံး) ၏ အမိန့် အတည်ဖြစ်ကြောင်း အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။
Eleven Media Group

No comments:
Post a Comment