Sunday, November 4, 2012

ငယ်နိုင်အသင်းလေးကို အေးဆေးသက်သာပဲ အနိုင်ရခဲ့တဲ့ပွဲတစ်ခု။ (မန်ယူ ၂-၁ အာဆင်နယ်) ငယ်နိုင်အသင်းလေးကို အေးဆေးသက်သာပဲ အနိုင်ရခဲ့တဲ့ပွဲတစ်ခု။ (မန်ယူ ၂-၁ အာဆင်နယ်)

ဒီတစ်ပါတ်မှာတော့ မန်ယူတို့ ထူးထူးခြားခြား အစောကြီး ကစားရပြီဗျာ။ ကစားရမှာကလည်း ပြိုင်ဖက်ဟောင်းကြီး အာဆင်နယ် ဖြစ်နေပြန်ပါတယ်။ ပြိုင်ဖက်ဟောင်းကြီးလို့ ပြောရခြင်း အကြောင်းကတော့ လက်ရှိမှာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ဖက်အသင်း တစ်သင်းလို့ ကျနော် မခံစားရတော့လို့ပါပဲ။ အိုးထရက်ဖို့ဒ်ကို လာကစားတဲ့ နောက်ဆုံး ပွဲ ၂၀ မှာ ၁၀ ဂိုးပဲ သွင်းယူထားနိုင်တဲ့ အသင်းတစ်သင်းကိုတော့ အထင်မကြီးမိတာ အမှန်ဗျာ။ ဒါပေမယ့် အာဆင်နယ်ဆိုတဲ့ အသင်းဟာ အာဆင်ဝင်းဂါး
ဆိုတဲ့ ဆရာကြီးတစ်ယောက် ကိုင်တွယ်နေတဲ့ အသင်း ဖြစ်လေတော့ လွယ်လွယ်ကူကူအနိုင်ရနိုင်မယ့် အသင်းတစ်သင်းတော့ မဟုတ်ဘူးပေါ့ဗျာ။ လက်ရှိမှာလည်း လူသစ် ကစားသမား ကာဇိုလာက အစွမ်းတွေ စွတ်ပြနေတော့ ကွင်းလယ်ကတော့ အတော်လေး ကောင်းနေတဲ့ အနေအထားပါ။ ကျနော်တို့ သရဲနီ တိုက်စစ်မှူး ဗန်ပါစီအနေနဲ့တော့ နှစ်ရှည်လများ ကစားခဲ့တဲ့ အသင်းဟောင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် သူခြေစွမ်းပြနိုင်မလား မပြနိုင်ဘူးလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
လူစာရင်းထွက်လာပါပြီ။ မန်ယူမှာ ပုံမှန်အတိုင်း ဂိုးပေါက်မှာ ဒီဂီအာ၊ နောက်တန်းမှာတော့ ရာဖေးလ်၊ ဖာဒီနန်၊ အီဗန်နှင့် အီဗရာတို့ ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာ ဗလင်စီယာ၊ ကာရစ်၊ ကလဲဗားလေးနှင့် အက်ရှ်လေယန်း တို့နေရာယူပြီး တိုက်စစ်ကတော့ အများသိထားတဲ့အတိုင်း ရူနီ၊ ဗန်ပါစီပါ။ ၄-၄-၁-၁ ကစားကွက်နဲ့  ပွဲထွက်လာတာ ဖြစ်ပါတယ်။ ပွဲစဖို့ နည်းနည်းပဲ လိုတော့တယ်ဗျာ။ ကွင်းထဲကို စဝင်လာပါပြီ။ ကြည့်ချင်ပါတယ်ဆိုမှ ကြော်ငြာတွေကလည်း အရမ်းများသဗျာ။ မျက်စိကို နောက်ပါတယ်။
စပြီဗျာ။ အာဆင်နယ်က မြန်မြန်ဆန်ဆန် ကစားလာပါတယ်။ ဒါပေမယ့် ပွဲစလို့မှ မကြာသေးဘူးဗျာ။ ၃ မိနစ်ပဲ ရှိသေးတယ်။ မန်ယူ ဂိုးစရပြီဗျာ။ ရာဖေးလ် ညာခြမ်းကနေ တင်ပေးလိုက်ပါတယ်။ ဘောလုံးသွားတာကတော့ ဗာမေလင် ဆီကို တည့်တည့်ပါ။ ဒါပေမယ့် အသင်းသားဟောင်း ဗန်ပါစီ ရှေ့မှာ ရှိနေတော့ သူ့အသင်းသားလို့များ ထင်နေသလား မသိပါဘူး။ ရှေ့တည့်တည့် ချပေးသလို ဖြစ်သွားတယ်ဗျာ။ ဗန်ပါစီကလည်း အသင်းဟောင်း ဆိုတော့ သက်သက်ညှာညှာပါပဲ။ ဂိုးပိုက်နဲ့ ဘောလုံး မိတ်ဆက်ပေးလိုက်ပါတယ်။ အာကြီးအတွက်တော့ တာထွက် မလှတဲ့ ရက်တစ်ရက်ပေါ့ဗျာ။
နောက်ပိုင်းတော့ အာဆင်နယ်က ဖိလာတယ်ဗျာ။ ဒါပေမယ့် ရင်ခုန်စရာတော့ မရှိ။ ဧရိယာထဲ ရောက်အောင်တောင် ဆွဲမသွင်းနိုင်။ ကွင်းလယ်မှာပဲ လှည့်ပါတ်နေကြတာဗျာ။ မဟုတ်သေးပါဘူး။ ၁၃ မိနစ်မှာတော့ ဝီလ်ရှီးယား အဝါကဒ် ထိပြီဗျာ။ ကလဲဗားလေးကို နောက်ကနေ ဘောလုံး မထိပဲ သိမ်းလိုက်လို့ပါ။ ဒီကောင်လေး အဝါထိရင်တော့ ဘောလုံးပွဲ မကြည့်တတ်တဲ့ အန်တီ တစ်ချို့ ပြောစရာတွေ ဖြစ်ကုန်တော့မယ်။ ကျနော်တို့ မန်ယူ အားပေးသူများ ဘဝကလည်း တစ်ဖက်အသင်းသား အနီကဒ်ထိမှာတောင် ကြောက်နေရတဲ့ အနေအထားပါ။ မိနစ် ၂၀ ရှိပြီ။ ဒီဂီအာတို့ကတော့ အိပ်ပျော်နေမလား ထင်ရတယ်။ ဒီဂီအာ အိပ်ပျော်လို့ အာဆင်နယ် ဂိုးသမား အလုပ်များနေသလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ မန်ယူကလည်း ကောင်းကောင်းမွန်မွန် မခြိမ်းခြောက်နိုင်ပါဘူး။ ၂၁ မိနစ်မှာတော့ ရူနီရဲ့ လှလှပပ ခင်းပေးမှုကနေ ဗန်ပါစီ ကောင်းကောင်းကြီး ကန်ရတယ်ခင်ဗျာ။ ဒါပေမယ့် အာဆင်နယ် ဂိုးသမားလေး ကာကွယ်နိုင်ခဲ့ပါတယ်။ မိနစ် ၂၀ နောက်ပိုင်းမှာတော့ မန်ယူက ဂိုးပေါက်ကို ဆက်တိုက် ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။ ဒုတိယဂိုးကတော့ ဖြစ်မလာသေး။ ၂၃ မိနစ်မှာတော့ ဒီဂီအာ တစ်လုံး ကာကွယ်လိုက်ရပြီဗျာ။ ညာခြမ်းကနေ ရမ်းမ်ဆေး အနိမ့်ဘော ဖြတ်တင်ရာမှာ ပုတ်ထုတ် ကာကွယ်လိုက်ရတာပါ။ မကြာဘူးဗျာ။ မိုးက ရွာတယ်။ ကြည့်နေတဲ့လိုင်းက မိုးလည်း ရွာရော လိုင်းလည်း ပြတ်ရောပါပဲ။ အတော်လေး စိတ်တိုဖို့ ကောင်းပါရဲ့။ မြန်မာမှာဆို မိုးရွာလည်း လိုင်းမပြတ်ဘူးဗျာ။ ဒီမှာကျမှ မိုးရွာတာ မခံနိုင်တဲ့ လိုင်းနဲ့ လာတွေ့နေတယ်။
တီဗီက ပြန်လာတော့ ရူနီ ကန်လိုက်တဲ့ တစ်လုံး ပြန်ပြနေတာ တွေ့လိုက်ရတယ်။ ဂိုးသမားလေး စွန့်စွန့်စားစား ကာကွယ်လိုက်ရပုံပဲ။ ၂၈ မှာတော့ အက်ရှ်လေယန်း အဝါကဒ် ထိပြီဗျာ။ ဆက်ဂ်ညာဆီက ဘောလုံး လှမ်းလုရာမှာ ဘောလုံးနဲ့ ဘာမှ မဆိုင်။ ခြေထောက်ကို တည့်တည့်။ အဝါကဒ် ပြခံရတာတောင် နည်းသေးတယ်။ ၂၉ မိနစ် လိုင်း နောက်တစ်ခါ ပြတ်တယ်ဗျာ။ စိတ်ပိန်လိုက်တာ။ ၃၄ မိနစ်ရောက်မှ ပြန်လာတယ်ဗျာ။ ကြည့်ရသလောက်တော့ မန်ယူ ကွင်းလယ်မှာ ရူနီ အတော်လေး အဖြတ်အတောက်ကောင်းနေတယ်။ အာဆင်နယ်က ကောင်တွေ ရူနီနဲ့ကို သိပ်မလွတ်ချင်ဘူး။ ၃၅ မိနစ် ကွင်းလယ်မှာ ကလဲဗားလေးနဲ့ ထိပြီး ဘောလုံး ရသွားတယ်ဗျာ။ ကျွတ်ကျွတ်လွတ်လွတ်ပါ။ ဘယ်ခြမ်းမှာတော့ အက်ရှ်လေယန်း တစ်ယောက်တည်း ရှိနေပါတယ်။ ဒါပေမယ့် ယန်းဆီ ရောက်အောင် မတင်ပေးနိုင်ပါဘူး။ ကျွတ်ကျွတ်လွတ်လွတ်တင်ရပေမယ့် လိုအပ်တဲ့နေရာကို ရောက်အောင် တင်မပေးနိုင်တာ နှမျောစရာ ကောင်းလှပါတယ်။ ၃၆ မိနစ်မှာ ကလဲဗားလေး အဝါထိပြန်ပြီဗျာ။ ကာဇိုလာကို ဘောလုံးမထိပဲ တားလို့ပါ။ ၃၉ မိနစ် အာဆင်နယ် ဒေါင့်ကန်ဘော ရပါတယ်။ အာဆင်နယ် တိုက်စစ်မှူးကြီး ဂီရော့ဒ် တစ်ယောက်တည်း ကျွတ်ကျွတ်လွတ်လွတ်ကြီး တိုက်ရပါတယ်။ ညံ့ချက်ကတော့ဗျာ။ ဂိုးပေါက်နဲ့ ၁၀ တောင်လောက် ကွာမယ် ထင်ပါရဲ့။ ဒီလို တိုက်စစ်မှူးပါတဲ့ အသင်းကို သေချာပေါက် နိုင်မယ်လို့ ထင်တယ်ဗျာ။ မိနစ် ၄၀ သာ ကျော်သွားတယ်။ ဘောလုံးပွဲက မကောင်းဘူးဗျာ။ ဂိုးပေါက် ခြိမ်းခြောက်မှု များများ စားစား မရှိတဲ့ ဘောလုံးပွဲ ကြည့်ရတာ မလန်းပါဘူး။ အသင်းကြီး ၂ သင်းကစားနေတဲ့ ပွဲ ဖြစ်ပေမယ့် တိုက်စစ်က မမြိုင်ပါဘူး။ မန်ယူ တိုက်စစ်ကမှ နည်းနည်း တော်သေးတယ်။ အာဆင်နယ် တိုက်စစ်က ဘာမှ အလုပ်မဖြစ်ပါဘူး။ ၄၄ မိနစ်မှာတော့ မန်ယူ ပယ်နယ်တီ ရပြီဗျာ။ ဒိုင်ကူတယ် ပြောမယ်ထင်ပါရဲ့။ ပြန်ပြပြီဗျာ.. အနှေးပြကွက်။ ဆန်တီ ကာဇိုလာ လက်နဲ့ သေချာ တားပါတယ်။ ပေးရမှာပါပဲ။ ရူနီ ကန်မယ် ခင်ဗျာ။ လွဲပါတယ်။ တိုင်မှန်ပြီးတော့ အဝေးကို ထွက်သွားပါတယ်။ ဒီနှစ် မန်ယူ ပယ်နယ်တီတွေကတော့ ဘယ်လို ကံဇာတာများ ပါလာတယ်မသိဘူးဗျာ။ ပယ်နယ်တီ လေးလုံး၊ ကစားသမား လေးယောက် ကန်ပေမယ့် တစ်ယောက်မှ မဝင်ပါဘူး။ ဘယ်လို အထာများ ဖြစ်နေပါလိမ့်။
ဒုတိယပိုင်း ပြန်စပြီဗျာ။ မကြာဘူး။ ဗန်ပါစီနဲ့ ငြိပြီး ပါလာတယ်။ အသာခင်းပေးလိုက်ရာမှာ ဗလင်စီယာ တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေး ရတယ်ဗျာ။ ဒါပေမယ့် ဘသားချောကတော့ ဂိုးပေါက်ဆီကိုရောက်အောင် မကုန်နိုင်ခဲ့ပါဘူး။ အတော်ပိန်းတဲ့အကောင်ဗျာ။ ဆက်တိုက်ပဲ ၄၈ မိနစ်မှာ ရာဖေးလ်နဲ့ ကာရစ်တို့ အဝေးကနေ လှမ်းကန်ကြပါတယ်။ ဒါပေမယ့် မောင်မင်းကြီးသားတို့က ဂိုးပေါက်နားတောင် နီးအောင် မကန်နိုင်ကြပါဘူး။ မကြာခင်မှာပဲ အာဆင်နယ်က ပြန်ဖောက်လာတယ်ဗျာ။ ဘယ်ခြမ်းကနေ နောက်ခံလူ ဆန်းတို့စ် ဆွဲတက်လာပြီး ခင်းပေးရမှာ ဖာဒီနန် မဖျက်ထုတ်နိုင်ပါဘူး။ ဘောလုံးကို လွဲကန်ပါတယ်။ ကံကောင်းတာ တစ်ခုက နောက်မှာ ပိတ်သွင်းမယ့် အာဆင်နယ် ကစားသမား တစ်ယောက်မှ ရှိမနေလို့သာပေါ့။ ၅၄ မိနစ်မှာ ကံပေးရလု အနေအထားထိ ဖြစ်ခဲ့သေးတယ်ဗျာ။ ဂီရော့ဒ် အနီးကပ် ပိတ်သွင်းတာ ကျနော့်အထင်တော့ ဒီဂီအာ ကာကွယ်လိုက်တယ်လို့ ထင်တာပါ။ ဒါပေမယ့် ထောင့်ကန်ဘော မပေးဘူးဆိုတော့ ဂိုးပေါက် လွဲချော်ခဲ့တဲ့ အနေအထားပါ။ ၅၅ မိနစ်မှာ ဗန်ပါစီကို လှမ်းထိုးတယ်ဗျာ။ ဒီကောင်လေး အနီကဒ် မပြခံရဖို့ သတိထား ကစားရမယ့် အနေအထားပါ။ အဲဒီလိုပဲ ၅၈ မိနစ်မှာ ဝီလ်ရှီးယားကို ကလဲဗားလေး ဖျက်ထုတ်တာ ကြမ်းပါတယ်။ သူလည်း အဝါကဒ် ထိပြီးသားမို့ သတိထားရတော့မယ့် အနေအထားပါ။ ပွဲက ကြမ်းလာသလိုပဲဗျာ။ ၆၀ မိနစ်မှာ ဆက်ဂ်ညာကို ဗန်ပါစီ ဆလိုက်ထိုးတာ ကြမ်းပါတယ်။ ဒီအတွက် အဝါကဒ် ပြတာလည်း ထိုက်တန်တယ်လို့ ပြောရမှာပါ။ အဲဒီအချိန်မှာပဲ အနီကဒ် ပြသခံရဖို့ နီးစပ်ေ်နတဲ့ ကလဲဗားလေး နေရာကို အန်ဒါဆင် အစားထိုး ဝင်ရောက် ကစားခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကတော့ အာဆင်နယ်က ဒုတိယပိုင်းမှာ အပြတ်အသာစီး ရနေပြီဗျာ။ ဒါပေမယ့် ဂိုးပေါက်ကိုတော့ ပထမပိုင်းလိုပဲ မခြိမ်းခြောက်နိုင်ပါဘူး။
၆၅ မိနစ်မှာအက်ရှ်လေယန်း  မတင်ပေးလိုက်တဲ့ ဘောလုံးကို ဗန်ပါစီ တစ်ယောက်တည်း အလွတ်ကြီး ကန်ရတယ်ဗျာ။ ဒါပေမယ့် အာဆင်နယ် ဂိုးသမားလေး ကာကွယ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ထောင့်ကန်ဘောကနေ တစ်ဆင့် အက်ရှ်လေယန်းနဲ့ ချိတ်ဆက်ပြီး ရူနီက ဂိုးရှေ့ကို မတင်ပေးလိုက်ရာမှာ ဒီနေ့ အသင်းခေါင်းဆောင် အီဗရာက ခေါင်းတိုက်ပြီးတော့ မန်ယူအတွက် ဒုတိယဂိုး သွင်းယူလိုက်နိုင်ပါတယ်။ ၆၉ မိနစ်မှာတော့ ဝီလ်ရှီးယား အဝါကဒ် ထပ်ထိပြီဗျာ။ ဒုတိယအဝါကဒ်ဖြစ်တဲ့အတွက် အနီကဒ် ပြစ်ဒါဏ်ထိပြီး အာဆင်နယ် အသင်း ၁၀ ကျန် အနေအထား ဖြစ်သွားခဲ့ပါတယ်။ ဝီလ်ရှီးယား ဒုတိယအဝါကဒ်ဟာ အီဗရာနှင့် ဘောလုံး ယှဉ်လုရာမှာ အီဗရာက ဘောလုံးကို ထိပြီး ဝီလ်ရှီးယားက အီဗရာရဲ့ ခြေထောက်ကိုသာ ထိခဲ့တဲ့အတွက် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအနီကဒ်ကို ဝီလ်ရှီးယားကိုယ်တိုင်လည်း စောဒက တက်ခြင်း မရှိခဲ့ပါဘူး။ လူတစ်ယောက် လျော့သွားပေမယ့် ၂ ဂိုးပေးထားရတဲ့ အာဆင်နယ်ဟာ ကစားအား ကျမသွားပဲ ဆက်လက် ကစားနိုင်ခဲ့ပါတယ်။ ၇၅ မိနစ်မှာ ဝဲလ်ကော့ တစ်ယောက် ကန်သွင်းခွင့် ရခဲ့သေးပေမယ့် ဂိုးပေါက်တော့ မတည့်ခဲ့။  ၈၀ မိနစ်မှာ အန်ဒါဆင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူကျွံဘော ဖြစ်နေတဲ့အတွက် ဘာမှ အသုံးမဝင်ခဲ့။ ပွဲကလည်း အဖြေထွက်သလောက် ဖြစ်နေပြီ ဆိုတော့ နောက်ပိုင်းမှာ ကြည့်ရတာ သိပ်ပြီးတော့ အရသာ မရှိလှဘူးဗျာ။ ယှဉ်ပြိုင်မှုက မပြင်းထန်ပါဘူး။ ဝတ်ကျေတန်းကျေ ကစားနေကြသလိုပါပဲ။ မိနစ် ၉၀ မှာ ဘောလုံးယှဉ်လုရင်း ဗန်ပါစီရဲ့ မျက်နှာကို အာတီတာက လက်နဲ့ ရိုက်မိလို့ အာတီတာ အဝါကဒ် ပြသခံခဲ့ရပါတယ်။ ဒါပေမယ့် အချင်းချင်း ဘာကတောက်ကဆမှ မရှိခဲ့။ ၉၁ မိနစ်မှာ အာဆင်နယ်အတွက် အခွင့်အရေးကောင်းတစ်ခု ရခဲ့ပါတယ်။ ဝဲလ်ကော့ ဘယ်ခြမ်းကနေ အနိမ့်ဘော ခင်းပေးရာမှာ တိုက်စစ်မှူး ဂီရော့ဒ် အနည်းငယ် နောက်ကျနေခဲ့လို့သာ အာဆင်နယ်တို့ ဂိုးမရလိုက်တာ ဖြစ်ပါတယ်။ ဒီဂိုးသာ ပေးလိုက်ရင် လက်ကျန်မိနစ်လေးတွေ အသက်ဝင်လာအုံးမှာပါ။ တော်သေးတာပေါ့ဗျာ။ အဲဒီဂိုး ဝင်မထားလို့ပေါ့။ ၉၄ မိနစ်မှာ ချေပဂိုး တစ်လုံး ပေးလိုက်ရတယ်ဗျာ။ ဆန်တီ ကာဇိုလာ ဧရိယာ ထိပ်ပိုင်းကနေ လှလှပပ ကန်သွင်းလိုက်ရာမှာ ဒီဂီအာ ဘယ်လိုမှ မကာကွယ်နိုင်တော့ပါဘူး။ အချိန်က ပြည့်နေပြီ ဖြစ်တဲ့အတွက် ဂိုးသွင်းအပြီးမှာပဲ ပွဲသိမ်းခရာ ပေါ်ထွက်လာခဲ့ပါတယ်။
ဒီနေ့ပွဲကို ကြည့်ရသလောက်တော့ နှစ်ဖက်အသင်းဟာ ဖျက်ထုတ်မှုတွေ ခပ်ကြမ်းကြမ်း ရှိခဲ့ပေမယ့် နှစ်ဖက်အသင်းးသားတွေ အချင်းများတာ မတွေ့ခဲ့ရပါဘူး။ ဟိုတုန်းက အပြင်းအထန် အကြိတ်အနယ် ကန်ခဲ့ကြတဲ့ ဒီနှစ်သင်းဟာ ခုတော့လည်း သူတို့ မဟုတ်ကြတော့သလိုပါပဲ။ ဖျတ်ထုတ်တာတွေ ကြမ်းသလို ထိလည်း ထိကြပါတယ်။ ဒါပေမယ့် နှစ်ဖက်အသင်းသားတွေ ပုံမှန်ပဲ အေးအေးဆေးဆေး ဆက်ဆံသွားကြတာကို တွေ့ရတာ အတော်လေး ထူးခြားတဲ့ အချက်ပါပဲ။ ဒီအချက်ကပဲ ဒီနှစ်သင်းဟာ မဟာပြိုင်ဖက်ကြီးတွေ မဟုတ်တော့ဘူးဆိုတာ သိသာစေပါတယ်။ ဒီနေ့ပွဲဟာ ဂိုးမပြတ်သလို အကြိတ်အနယ်လည်း မရှိခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ မန်ယူ- အာဆင်နယ်ပွဲမို့ ပွဲကြီးပွဲကောင်း ကြည့်ရနိုင်တယ်လို့ ထင်ထားခဲ့ပေမယ့် ဘောလုံးပွဲက အကြိတ်အနယ် အပြင်းအထန်မဖြစ်ခဲ့ပဲ “ကြည့်လို့ မကောင်းတဲ့ပွဲ။” လို့ပဲ ပြောလိုက်ချင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ငယ်နိုင်အသင်းလေးကို အိမ်ကွင်းမှာ အေးဆေးသက်သာပဲ အနိုင်ကစားပြီးတော့ ချယ်ဆီးပွဲ မကစားခင်မှာ မန်ယူအသင်းက ဇယားထိပ်မှာ တက်နေနိုင်ပြီ ဖြစ်တဲ့အတွက် ကျေနပ်စရာပါ။ ပွဲက ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲမဟုတ်ခဲ့ပေမယ့် အာဆင်နယ်လို အသင်းကို အနိုင်ကစားလိုက်နိုင်တာကတော့ ဒီနှစ် မန်ယူရဲ့ အသင်းကြီးချင်းတွေ့ဆုံမှု ရလာဒ်တွေဟာ လုံးဝ အားရစရာ အနေအထားတစ်ရပ် ဖြစ်တယ်လို့ ခံစားမိပါတယ်ခင်ဗျာ။

Myanmar Manchester United Fan Club


No comments:

Post a Comment