ပြည်ပတွင် အခြေစိုက်သည့် ဆီးရီးယား အတိုက်အခံဖြစ်သော ဆီးရီးယား အမျိုးသားကောင်စီ (SNC) သည် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး လေးရက်ကြာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကာ နိုင်ငံတကာ အသိအမှတ်ပြု ပြည်ပအခြေစိုက်အစိုးရ ဖြစ်ပေါ်လာနိုင်ရေးအတွက် ပြန်လည်ဖွဲ့စည်းရန် ဆွေးနွေးမည်ဖြစ်သည်။
SNC သည် စစ်မြေပြင်တွင် တိုက်ခိုက်နေရသော အတိုက်အခံများကို ကိုယ်စားမပြုဘဲ ခေါင်းဆောင်ပိုင်းမှာလည်း ထင်သာမြင်သာမှု မရှိသည်မှာ ကြာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဝေဖန်ခဲ့သည်။
SNC ကို အသွင်ပြောင်း ဖွဲ့စည်းမည်ဆိုပါက ကာလရှည်ကြာ အစိုးရအတိုက်အခံဖြစ်ခဲ့သူ Riad Seif သည် ယင်းပြည်ပအခြေစိုက် အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်လာနိုင်ခြေရှိကြောင်း သတင်းထွက်ခဲ့သည်။ Seif နှင့် အခြား အတိုက်အခံခေါင်းဆောင် နှစ်ဒါဇင်ခန့်သည်
နိုဝင်ဘာလ ၁ ရက်နေ့က ဂျော်ဒန်နိုင်ငံ၊ အမ္မန်မြို့တွင် ဆွေးနွေးခဲ့ကြသည်။
အသွင်ပြောင်းမည့် အတိုက်အခံအဖွဲ့သည် ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမည့် လမ်းစဉ်လိုက်ရန် ဆန္ဒရှိနေသည်ဟူသော စိုးရိမ်မှုများကို ချေဖျက်ရန် အမ္မန်ဆွေးနွေးပွဲတွင် ကြိုးပမ်းခဲ့ကြသည်။ အာဆတ်နှင့် သူ၏အပေါင်းအပါများ အာဏာစွန့်လွှတ်ရေးမှာ မည်သည့်ဆွေးနွေးပွဲတွင်မဆို ညှိနှိုင်းစေ့စပ်နေရမည့်ကိစ္စ မဟုတ်ကြောင်း ဆွေးနွေးပွဲတက်သူများက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ှSNC အသွင်ပြောင်းဖွဲ့စည်းမည် ဆိုပါက လက်ရှိအဖွဲ့အမှုဆောင် ၁၄ ဦး၊ ကာ့ဒ်အမျိုးသားကောင်စီ (KNC) အဖွဲ့ဝင်သုံးဦး၊ မြေပြင်လှုပ်ရှားမှုနှင့် လက်တွေ့ တိုက်ခိုက်နေရသူများကို ကိုယ်စားပြုသူများ၊ အတိုက်အခံဟောင်းများ၊ ဘာသာရေး ခေါင်းဆောင်များ ပါဝင်မည်ဖြစ်ကြောင်း သြဂုတ်လတွင် အတိုက်အခံဘက်သို့ ဘက်ပြောင်းခဲ့သော ၀န်ကြီးချုပ်ဟောင်း Raid Haijab ၏ ပြောခွင့်ရပုဂ္ဂိုလ် Mohammed al-Otri ပြောကြားခဲ့သည်။ ယင်းအဖွဲ့သစ်ကို ယခင် SNC နေရာတွင် အစားထိုး၊ မထိုးကိုလည်း ဆွေးနွေးနေသည်။
ဆီးရီးယားတွင် ၂၀၁၁ ခုနှစ်၊ မတ်လက လူထုတော်လှန်ရေး စတင်ဖြစ်ပွားခဲ့ပြီး ခြောက်လအကြာ၌ SNC ကို စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် အတိုက်အခံများအကြား ကွဲပြဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အတိုက်အခံအဖွဲ့အချို့ က ဆီးရီးယားအရေးတွင် ပြည်ပမှ ၀င်ရောက်စွက်ဖက်မည့်အရေးနှင့် အာဆတ်အစိုးရကို အကြမ်းဖက်နည်း ဖြင့် ဖြုတ်ချမည့်အရေးတို့အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။
ဆီးရီးယားနိုင်ငံရေး ပဋိပက္ခကြောင့် ယခုအချိန်အထိ သေဆုံးသူ ၃၆၀၀၀ ကျော်ရှိလာပြီဖြစ်သည်ဟု Syrian Observatory for Human Rights က ထုတ်ပြန်ခဲ့သည်။
Ref:AFP
Eleven Media Group

No comments:
Post a Comment