ကချင်ပြည်နယ် ဖားကန့်ဒေသတွင် နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီအထိ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး အရပ်သား လေးဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲသည် ဗလခ မြေစာပုံပေါ်တွင် တပ်ထိုင်နေသော တပ်မတော်နှင့် ဆွတ်ငိုင်ယန်တောင်တွင် တပ်ထိုင်နေသော ကေအိုင်အေ တို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အပြန်အလှန် ပစ်ခတ်မှုကြောင့် မှော်မောင်းဘွမ်နှင့် ဆွတ်ငိုင်ယန် အကြားရှိ ဗလခရွာရှိ လမ်မကြီးတစ် နေရာပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၀ နှစ် ၀န်းကျင် ကျောင်းသားနှစ်ဦးနှင့် လူကြီးနှစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
''အပြန်အလှန် ပစ်ခတ်တာကတော့
နာရီဝက်ကျော်လောက် ကြာပါတယ်။ လက်နက်ကြီးတစ်ခုက ဗလခမှာရှိတဲ့ အိမ်တစ်အိမ်ကို ထိမှန်ပြီး လူလေးဦး ဒဏ်ရာရတာပါ'' ဟု ဆေးရုံရောက်ခဲ့သူ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
''ပစ်ခတ်နေတုန်းမှာ ကျွန်တော်က အိမ်ပေါ်မှာ ပစ္စည်းသိမ်းနေတာပါ။ လက်နက်ကြီးက လမ်းမပေါ်ကျကွဲပြီး ကျွန်တော့်ကို လာမှန်တာပါ။ တပ်မတော်က ဗလခရွာဘေးက မြေစာကုန်းပေါ်မှာ တပ်စွဲထားပါတယ်။ ကေအိုင်အေကတော့ လက်နက်ကြီးပစ်သံ မကြားရပါဘူး။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ ပြည်သူတွေနဲ့ ရောရောနှောနှော မနေစေချင်ဘူး။ ပြည်သူတွေနဲ့ ရောရောနှောနှောနေရင် လက်နက်မဲ့တဲ့ ပြည်သူတွေပဲ အနာခံရတာပါ” ဟု နိုဝင်ဘာလ ၂ ရက်နေ့ တိုက်ပွဲတွင် ဒဏ်ရာရခဲ့သူ ဦးဆမ်လှက နိုဝင်ဘာလ ၄ ရက်နေ့ည ၇ နာရီ အချိန်က မြစ်ကြီးနားဆေးရုံတွင် ပြောကြားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုများကြောင့် တောင်ပြို၊ ဗလခ၊ မော်မောင်းလျံ၊ သူဌေးချောင် စသော မှော်ကျေးရွာများမှ ဒေသခံများမှာ ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။ တစ်ပတ်အတွင်း၌ ဒုတိယ အကြိမ်ဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ဖားကန့်ဆေးရုံတွင် ကိုယ်ဝန်ပျက်ကျသဖြင့် သားအိမ်ခြစ်ပြီးပြန်လာသော မမြင်မြင့်ခိုင်၏ မောင်နှမတစ်စုစီးလာသော ဗင်ကားမှာ ဆိုင်းတောင်နှင့် တာမခံအကြားတွင် အပစ်ခံရပြီး မမြင့်မြင့်ခိုင်၏ အမျိုးသား ကိုကျော်ကျော်နှင့် တစ်ဝမ်းခွဲအစ်မဖြစ်သူ မဆွေဆွေအောင်တို့ နှစ်ဦးစလုံးမှာ ဆုံးပါးသွားခဲ့ပြီး မမြင့်မြင့်ခိုင်မှာ လည်ပင်းတွင် ဒဏ်ရာအပြင်းအထန် ရရှိကာ မြစ်ကြီးနားဆေးရုံသို့ နိုဝင်ဘာလ ၄ ရက်နေ့တွင် ရောက်ရှိလာပြီး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
အပြန်အလှန် ပစ်ခတ်မှုများတွင် ဒဏ်ရာရခဲ့သော လူနာများမှာ ဖားကန့်ဒေသ လူမှုကူညီရေးအသင်းများ၏ ထောက်ပံ့ငွေ အနည်းအကျဉ်းသာ ရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူရာတွင် အခက်အခဲရှိသည်ဟု လူနာများ၏ ဆွေမျိုးများက ပြောကြားခဲ့သည်။
Eleven Media Group

No comments:
Post a Comment