ရခိုင်ပြည်နယ်အတွင်း ယခုထက် အခြေအနေပိုမိုဆိုးရွားလာပါက
စစ်အုပ်ချုပ်ရေး ကြေညာနိုင်ဖွယ်ရှိပြီး စစ်အုပ်ချုပ်ရေးကို
ရခိုင်တိုင်းရင်းသားများအနေဖြင့် လိုလားမှုမရှိကြောင်း
ရခိုင်တိုင်းရင်းသားခေါင်းဆောင်အချို့ကပြောသည်။
“ရခိုင်မှာ မငြိမ်သက်မှုတွေဖြစ်တာ ကြာလာရင် ပုဒ်မ ၁၁ အရ
ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးက လွှတ်တော်ထဲမှာ ပြောသွားတယ်။
ဒီထက်ဆိုးလို့ စစ်အုပ်ချုပ်ရေးကြေညာရင် ရခိုင်မှာ လွှတ်တော်၊ အစိုးရတွေ
မရှိတော့ဘူး။ အဲလိုဖြစ်ရင် တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ကျွန်တော်တို့
ရခိုင်ပြည်နယ်တစ်ခုပဲ ဒီမိုကရေစီမရဘဲ ကျန်ခဲ့မယ်။ အဲဒါကို
ကျွန်တော်တို့မလိုလားဘူး”ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး
ဦးဇော်အေးမောင်ကပြောသည်။
ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှုများကြောင့် လက်ရှိအချိန်တွင်
အခြေခံဥပဒေပုဒ်မ ၄၁၂ (က)အရ အရေးပေါ်အခြေအနေ ကြေညာဆောင်ရွက်လျက်ရှိပြီး ပုဒ်မ
၄၁၃(က)အရ တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပုဒ်မ ၄၁၃(ခ)တွင် နိုင်ငံတော်သမ္မတသည် လိုအပ်ပါက
စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။
ယင်းစစ်အုပ်ချုပ်ရေးအမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား
အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း၊
ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့်
တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း
သတ်မှတ်ပေးရမည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
ယင်းလုပ်ပိုင်ခွင့်နှင့်တာဝန်များကို
မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း (သို့မဟုတ်) သင့်လျော်သည့်
စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်”ဟု
ဖော်ပြထားသည်။
“စစ်အုပ်ချုပ်ရေး လုပ်တော့မယ်ဆိုရင် သတိထားဖို့လိုတယ်။ မလိုဘဲနဲ့
ပြဋ္ဌာန်းရင် လူထုကလည်း လက်ခံနိုင်မှာမဟုတ်ဘူး။ လုံခြုံရေးအခြေအနေတွေကို
တစ်ဆင့်ချင်း တိုးမြှင့်မှုမလုပ်ဘဲ အာဏာလွှဲလိုက်ရင် စစ်တပ်ကို
အာဏာလွှဲချင်လို့ လုံခြုံရေးအားနည်းအောင်လုပ်တာလို့ လက်ညှိုးထိုးစရာ
ဖြစ်လာလိမ့်မယ်။
“တကယ်တော့ စစ်အုပ်ချုပ်ရေးကြေညာဖို့ထက် လုံခြုံရေးအခြေအနေကို တဖြည်းဖြည်းတိုးမြှင့်ဖို့ လုပ်ဆောင်ဖို့က အဓိကပဲ”ဟု
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက လက်ရှိအချိန်တွင် အခြေခံဥပဒေပုဒ်မ ၄၁၃(က) အရ
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်စဉ် ၁/၂၀၁၂ အရေးပေါ်အခြေအနေကို
ထုတ်ပြန်ကြေညာထားပြီး လုံခြုံရေးအခြေအနေကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသော
အနေအထားသို့ ရောက်ရှိနေပြီး ယခုထက်ပိုမိုဆိုးရွားသော အခြေအနေကြုံတွေ့လာပါက
အခြေခံဥပဒေအခန်း ၁၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုလ ၂၆ ရက်တွင် ပြုလုပ်သည့်
ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီး၏ ပြောဆိုချက်အရ အခြေခံဥပဒေအခန်း ၁၁ ကိုသာ
ရည်ညွှန်းခြင်းဖြစ်ပြီး၊ စစ်အုပ်ချုပ်ရေးပြုလုပ်မည်ဟု ပြောဆိုသွားခြင်း
မရှိကြောင်း၊ သို့သော် အခြေအနေများ အမြန်ဆုံးတည်ငြိမ်နိုင်ရန်အတွက်
စစ်အုပ်ချုပ်ရေးကို အသုံးပြုနိုင်ဖွယ်ရှိပြီး စစ်အုပ်ချုပ်ရေးအခြေအနေ
ထုတ်ပြန်ရန် လိုအပ်မှု ရှိ၊ မရှိ စဉ်းစားရန်လိုကြောင်း
ဒေါက်တာအေးမောင်ကပြောသည်။
ယခုဖြစ်စဉ်များတွင် ဥပဒေစိုးမိုးရေးနှင့် ပွင့်လင်းမြင်သာမှု
အရေးကြီးကြောင်း၊ အရေးပေါ်အခြေအနေဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဥပဒေများကို
မကြာခဏ ထုတ်ပြန်ရန်မလိုအပ်ဘဲ ဥပဒေနည်းလမ်းတကျဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ
အရေးယူမှုများ ပြုလုပ်နိုင်လျှင် ယခုကဲ့သို့ ရန်မီးပွားမှုများ
မဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
“စစ်အုပ်ချုပ်ရေးသွားဖို့ဆိုတာ ဒီမိုကရေစီအရ ပြောရရင်မသင့်တော်ပါဘူး။
ဒါပေမဲ့ လုံခြုံရေးအတွက် လုပ်သင့်ရင် လုပ်ရမှာပေါ့”ဟု
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသာဘန်းကပြောသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းမှု ရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အား
၅၀၀၀ ကျော်၊ နစကတပ်ဖွဲ့မှ အင်အား ၁၀၀၀ ကျော်နှင့် တပ်မတော်တပ်ရင်း ၅၁
ရင်းဖြင့် အင်အားတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆူပူအကြမ်းဖက်မှု
နှိမ်နင်းရာတွင် အသုံးပြုသည့် မျက်ရည်ယိုဗုံးများ အပါအ၀င်
အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ကိရိယာများ လုံလောက်စွာ
ဖြန့်ဖြူးပေးထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေးက ၎င်း၏ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်တွင် သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်
နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၁၀ ရက်တွင် ရခိုင်ပြည်နယ်အား အရေးပေါ်အခြေအနေ
ထုတ်ပြန်ကြေညာခဲ့သည်။
7Day News
မင်းဟိန်းကျော်၊ အိဖြူလွင်
No comments:
Post a Comment