လေလံပြန်လည် မှတ်ပုံတင်ယာဉ်များအနက် Mazda ကားများကို
ဖျက်သိမ်းအပ်နှံခြင်း ဆောင်ရွက်ပေးနေပြီ ဖြစ်သော်လည်း ကားဈေးနှုန်းများ
ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်နေသော
ကားပွဲစားများကပြောသည်။
“လေလံကားတွေ အအပ်ခံတယ်ဆိုပေမယ့် ကားအရေအတွက်ကနည်းတော့
ဈေးကွက်သိပ်မပြောင်းဘူး။ အခွန်လျှော့တာပေမယ့် စလစ်ဈေးက ပြန်တက်သွားတော့
ကားဈေးကွက်က သိပ်မပြောင်းဘူး”ဟု ကားပွဲစားတစ်ဦးကပြောသည်။
လေလံအုပ်စုဝင် Mazda ကားများ၏ စလစ်ဈေးနှုန်းမှာ ကျပ်သိန်း ၉၀ ၀န်းကျင်သာ ရှိသည်။
ကားဈေးနှုန်းများ ကျဆင်းရခြင်းမှာ ပြည်ပမှ တင်သွင်းလာသော
ကားအရေအတွက်များပြီး လေလံပြန်လည် အအပ်ခံသော ကားနည်းနေခြင်းကြောင့်
ဈေးနှုန်းများ ကျဆင်းခြင်းမရှိခြင်းဖြစ်ကြောင်း ကားပွဲစားတစ်ဦးကပြောသည်။
လက်ရှိတွင် ပြည်တွင်းကားဈေးကွက်သို့ ပါမစ်မလိုဘဲ တင်သွင်းခွင့်ရှိသည့်
Point-3 ယာဉ်အမျိုးအစားများမှာ ဈေးနှုန်းများကျဆင်းလျက်ရှိပြီး
အရောင်းအ၀ယ်ဖြစ်နေသည်။ သို့သော် အမြင့်ကားအများစုဖြစ်သည့် ပါမစ်ရှိမှသာ
တင်သွင်းရသော ပါဂျဲရို၊ မာစီဒီး၊ ဆာ့ဖ်ယာဉ်ကြီးများမှ စလစ်ဈေးနှင့်အတူ
လိုက်လံမြင့်တက်နေသည်။ Point-3 ယာဉ်ငယ်များ ၁၀ သိန်းမှ ၁၅ သိန်းအထိ
ကျဆင်းချိန်တွင် အမြင့်ကားအများစုမှာ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ အထိ
မြင့်တက်လာပြီး စလစ်တစ်စောင်လျှင် ၉၅ သိန်းမှ ၉၈ သိန်းအထိ
မြင့်တက်လာခဲ့သည်ဟု ဟံသာဝတီကားဈေးကွက်မှ စုံစမ်းသိရှိရသည်။
ကားများပြန်လည်အပ်နှံရာတွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ
ကောက်ခံသည့် အခွန်နှုန်းထားကို ၆၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ
လျှော့ချပေးသော်လည်း ကားစလစ်ဈေးနှုန်းများသည် ကျပ်သိန်း ၆၀ ၀န်းကျင်မှ
ကျပ်သိန်း ၉၀ ထိ မြင့်တက်သွားသောကြောင့် ကားဈေးနှုန်းများ
ကျဆင်းမှုမရှိခြင်းဖြစ်သည်ဟု ကားအရောင်းအ၀ယ်ပြုလုပ်သူများကပြောသည်။
ထို့အပြင် ကားတင်သွင်းသည့် CIF တန်ဖိုးများကို ပြင်ဆင်သတ်မှတ်မည်ဆိုပါက
ပြည်တွင်းကားဈေးကွက်ကို ထူးထူးခြားခြား သက်ရောက်မှု မရှိနိုင်ကြောင်း
သို့သော် Point-3 တန်းဝင် အသေးယာဉ်များ၏ ဈေးနှုန်းကို ပြန်မြှင့်၍
အမြင့်ကားများ၏ ဈေးနှုန်းကျဆင်းအောင် လုပ်ခြင်းဖြစ်သော်လည်း ကားတင်သွင်းမှု
ပမာဏများပြားနေသောကြောင့် ယင်းကဲ့သို့ မဖြစ်လာနိုင်ကြောင်း၊ ဈေးနှုန်းများ
ထပ်မံ၍ကျဆင်းမှသာ အရောင်းအ၀ယ်များ သွက်လာနိုင်ကြောင်း
ဟံသာဝတီကားပွဲစားဝင်းမှ ကားပွဲစားတစ်ဦးကပြောသည်။
ယာဉ်အိုယာဉ်ဟောင်း အပ်နှံဖျက်သိမ်း၊ အစားထိုးတင်သွင်းခြင်း
စီမံချက်တွင် လေလံပြန်လည် မှတ်ပုံတင်ယာဉ်များအနက် Mazda အုပ်စုမှ
ကျန်ရှိသည့် ယာဉ်အမျိုးအစားအားလုံးကို အောက်တိုဘာ ၁၆ ရက်မှစ၍
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများရှိ ကုန်လမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနများတွင် ဖျက်သိမ်းအပ်နှံခြင်းကို
ဆောင်ရွက်ပေးပြီဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
“Mazda အုပ်စုဝင်ကားတွေကို အပ်တာလက်ခံနေပြီ။ ဒါပေမဲ့
ကားတိုင်းအပ်ရမယ်လို့ ပြောတာမဟုတ်ဘူး။ ကားပိုင်ရှင်တွေ အပ်ချင်ရင်
အပ်လို့ရတယ်။ မအပ်ချင်ရင်လည်း မအပ်ဘဲနေလို့ရတယ်။ ဒါကတော့
ပိုင်ရှင်တွေရဲ့ဆန္ဒပဲ”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
ယခု ယာဉ်ဟောင်းပြန်အပ်ရန် လက်ခံနေသည်ကို မအပ်လိုသော
ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ခရိုင်ရုံးများတွင် မအပ်လိုကြောင်း
အကြောင်းကြားလျှင် သက်တမ်းတိုးတံဆိပ်တုံး နှိပ်ပေးလိုက်မည် ဖြစ်သည်။
ယင်းမအပ်လိုသော ယာဉ်များမှာ လမ်းမပေါ်တွင် မောင်းနှင်မည်ဆိုပါက
မြို့ပြအင်္ဂါရပ်နှင့်အညီ ပြုပြင်ပြီးမှ မောင်းနှင်နိုင်မည်ဖြစ်သည်။
Mazda အုပ်စုဝင်မှ B360, B600, Familia အမျိုးအစားယာဉ်များကို ဇူလိုင် ၁၂ ရက်တွင် ဖျက်သိမ်းအပ်နှံခြင်း ဆောင်ရွက်ခဲ့သည်။
ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုးတင်သွင်းခြင်း စီမံချက်ကို
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး မှတ်ပုံတင်သက်တမ်း
နှစ် ၄၀ ကျော် စ၊ ဆ၊ ဇ အက္ခရာယာဉ်များကို ပထမအဆင့်အနေဖြင့်လည်းကောင်း၊
နိုဝင်ဘာ ၈ ရက်တွင် နှစ် ၃၀ ကျော်မှ
နှစ် ၄၀ အတွင်း ဈ၊ ည အက္ခရာများကို ဒုတိယအဆင့်အဖြစ်လည်းကောင်း၊ ယခုနှစ်
ဇန်န၀ါရီ ၂၀ ရက်တွင် နှစ် ၂၀ ကျော်မှ နှစ် ၃၀ ကျော်အတွင်း ဏ မှ ဗ
အက္ခရာယာဉ်များကို တတိယအဆင့်အနေဖြင့်လည်းကောင်း
ဖျက်သိမ်းဆောင်ရွက်ပေးခဲ့သည်။
ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံခြင်း စတင်ဆောင်ရွက်ခဲ့သော ၂၀၁၁ ခုနှစ်
စက်တင်ဘာ ၁၉ ရက်မှ ယခုအောက်တိုဘာ ၁၅ ရက်ထိ ပြန်လည်အပ်နှံသည့် ယာဉ် ၃၂၉၀၀
စီးရှိပြီဖြစ်သည်။
7Day News
သိမ့်သိမ့်စိုး၊ မိုးညို
No comments:
Post a Comment