တစ်ကျော့ပြန် ရခိုင်ပြည်နယ် ပဋိပက္ခများသည် လက်နက်ကိုင်
အကြမ်းဖက်မှုအခြေအနေသို့ ကူးပြောင်းမည့်အသွင်ဆောင်ခဲ့ကြောင်း အောက်တိုဘာလ
၃၁ ရက်နေ့ညတွင် နိုင်ငံတော်သမ္မတရုံးက နိုင်ငံပိုင်ရုပ်မြင် သံကြားမှ
တစ်ဆင့်ထုတ်ပြန်ခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း
ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ
ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့်
အဖွဲ့အစည်းများရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍
ဥပဒေနှင့်အညီထိရောက် စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ
သတင်းထုတ် ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊
တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခ ဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ
၂၁ ရက်မှစ၍ အောက်တိုဘာလ ၃၀ရက်အထိ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊
မီးလောင်ပျက်စီးသည့် လူနေအိမ် ၅၃၅၁ လုံးနှင့် လူဦးရေ ၃၂၂၃၁ ဦး
အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမ္မတရုံးမှ ထုတ်ပြန်သော သတင်း ကြေညာချက်တွင် ပါဝင်ပါသည်။
ထို့ပြင်
လူ့အဖွဲ့အစည်းနှစ်ခုအကြားရှိ ပဋိပက္ခများသည်
သာမန်ဆူပူလှုပ်ရှားမှုဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှုအခြေအနေသို့
ကူးပြောင်းတော့မည့်လက္ခဏာအသွင်ဆောင်ကာ လုံခြုံရေးတပ်ဖွဲ့ ၀င်များကိုပင်
လက်နက်ဖြင့်ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊
အကြမ်းဖက်မှုပဋိပက္ခဖြစ်စဉ်များမှ ဒေသန္တရလုပ်လက်နက်ငယ် အလက် ၁၈၀
သိမ်းဆည်းရမိခဲ့ကြောင်းနှင့် အဆိုပါလက်နက်ပြုလုပ်သူအချို့နှင့်
ပြုလုပ်ရာတွင်အသုံးပြုသည့် သက်သေခံပစ္စည်းအထောက်အထားများကို
ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ယခုကဲ့သို့
လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊
မီးရှို့ဖျက်ဆီးခြင်း ကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ
ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ဒေသန္တရလုပ်လက်နက်များဖြင့်
အချိန်ကိုက်ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရကြောင်း၊
နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်း ရေးယူထားသောအဖွဲ့အစည်းများလည်း
ပါဝင်ပတ်သက်မှုရှိနေကြောင်းနှင့် အခြားတစ်ဖက်အဖွဲ့အစည်းမှလည်း
အချို့သောပြည်တွင်းပြည်ပ အဖွဲ့အစည်းများပါဝင်ပတ်သက်နေသည့်
အထောက်အထားများကိုတွေ့ ရှိရကြောင်း ထည့်သွင်းကြေညာခဲ့သည်။
ထို့ကြောင့်
ပဋိပက္ခဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးရရှိစေမည့်
နည်းလမ်းများကိုရွေးချယ်ပြီး ဥပဒေနှင့်အညီငြိမ်းချမ်းစွာဖြင့်
ဥာဏ်ပညာအမြော်အမြင်ရှိစွာ ဖြေရှင်းသွားကြရန်လိုအပ်ကြောင်း၊ ယခု
ဖြစ်ရပ်များသည် ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုမထိခိုက်
မညှိုးနွမ်းစေရေးအတွက် နိုင်ငံတော်ကို
ချစ်မြတ်နိုးသူရဟန်းရှင်လူပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့်
ပူပေါင်းဆောင်ရွက်ကြစေလို ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိပါသည်။
လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို
ထိခိုက်နစ်နာစေသည့်ဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက်
ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများ၊
နောက်ကွယ်မှကြိုးကိုင်လှုပ်ရှားနေသောလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား
နိုင်ငံတော်မှ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
Eleven Media Group
No comments:
Post a Comment