Thursday, November 1, 2012

အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ အခွန်ရှောင်မှုအတွက် ထောင်ဒဏ်လေးနှစ် ချမှတ်ခံရ

အီတလီဝန်ကြီးချုပ်ဟောင်းနှင့် မီဒီယာလုပ်ငန်းသူဌေးတစ်ဦးဖြစ်သော ဆီဗီယိုဘာလူစကိုနီသည် သူ၏ Mediaset ကုမ္ပဏီနှင့်ပတ်သက်သော အခွန်ရှောင်မှုအတွက် အောက်တိုဘာလ ၂၆ ရက်တွင် ထောင်ဒဏ်လေးနှစ် ချမှတ်ခံရပြီး အစိုးရရာထူး ထမ်းဆောင်မှုမှလည်း ငါးနှစ်ပိတ်ပင်ခံခဲ့ရကြောင်း သိရသည်။
သို့သော် ထောင်ဒဏ်ချမှတ်ခဲ့သော မီလန်မြို့တရားရုံးက ၂၀၀၆ ခုနှစ်တွင် ဗဟိုလက်ဝဲယိမ်းဝါဒီအစိုး ရက အတည်ပြုခဲ့သော လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေအရ ထောင်ဒဏ်လေးနှစ်ကို တစ်နှစ်သို့ ချက်ချင်း လျော့ချပေးခဲ့သည်။ ထောင်ထဲတွင် အကျဉ်းသားများ ပြည့်ကျပ်နေမှုအတွက် ယင်းဥပဒေ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အသက် ၇၆ နှစ်ရှိ ဘာလူစကိုနီသည် နိုင်ငံရေးလောကမှ အနားယူတော့မည်ဟု ကြေညာခဲ့ပြီး နှစ်ရက်အကြာတွင် ယင်းစီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဘာလူစကိုနီကမူ ယင်းစီရင်ချက်ကို အယူခံရုံးနှင့်အထက် တရားရုံးတို့တွင် နှစ်ကြိမ် အယူခံဝင်နိုင်သည်။
ဘာလူစကိုနီကမူ ယင်းစီရင်ချက်ကို လက်သင့်မခံနိုင်သော တရားရေးဆိုင်ရာ အနှောင့်အယှက်ပေးမှုအဖြစ် ရှုတ်ချခဲ့ပြီး သူ၏ရှေ့နေကလည်း ယင်းစီရင်ချက်သည် လုံးဝယုံကြည် စရာ မကောင်းကြောင်း ပြောကြားခဲ့သည်။ ယင်းအမှုကို ပြီးခဲ့သော ခြောက်နှစ်ကတည်းက စတင်ကြားနာ စစ်ဆေးခဲ့သော်လည်း မကြာခဏ ရွှေ့ဆိုင်းခဲ့သည်။
ဘာလူစကိုနီ၏ ကုမ္ပဏီများက ဇာတ်ကားများအတွက် ရုပ်သံများတွင် ပြသခွင့်များကို ၀ယ်ယူပြီး ဈေးတက်သယောင်ပြုလုပ်ကာ ပြန်လည်ရောင်းချပြီး အခွန်ရှောင်မှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ယင်းအမှုတွင် ဘာလူစကိုနီ၏ Mediaset  ရုပ်သံကုမ္ပဏီစုနှင့် ဆွစ်ဇာလန်ဘဏ် ဥက္ကဋ္ဌတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ အမေရိကန်ဇာတ်ကား ၃၀၀၀ ခန့်ပါသော ယင်းအရှုပ်တော်ပုံတွင် အခွန်ရှောင်မှုများကြောင့် ဘာလူစကိုနီနှင့် ယင်းအမှုတွင် ပတ်သက်သူ ၁၀ ဦးက ဒဏ်ငွေယူရို ၁၀ သန်း (အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၉ သန်း) ကို အီတလီ အခွန်ရုံးထံပေးဆောင်ရန် မီလန်တရားရုံးက အမိန့်ချခဲ့သည်။
Mediaset ကုမ္ပဏီ Fedele Confalonieri ကိုလည်း ထောင်ဒဏ်သုံးနှစ်နှင့် လေးလချမှတ်ရန် အစိုးရရှေ့နေ Fabio De Pasquale က တရားရုံးထံ လျောက်ထားခဲ့သည်။
ဘာလူစကိုနီသည် ၀န်ကြီးချုပ်အဖြစ် ထမ်းဆောင်စဉ်က မော်ရိုကိုမှ အကမယ်ဖြစ်သော အသက်မပြည့်သေးသူ Karima El-Mahroug ကို လိင်ဆက်ဆံခဲ့မှုဖြင့်လည်း တရားစွဲဆိုမှု ခံနေရသည်။ ယင်းအမှုကို ပြီးခဲ့သောသီတင်းပတ်က ကြားနာစစ်ဆေးခဲ့ရာ ဘာလူစကိုနီက ယင်းစွဲချက်များကို ငြင်းဆိုခဲ့သည်။ အီတလီတွင် အသက်မပြည့်သေးသူ ပြည့်တန်ဆာတစ်ဦးနှင့် လိင်ဆက်ဆံပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်ပြီး အာဏာအလွဲသုံးစားမှု ပြုလုပ်ပါက ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ခံရနိုင်သည်။

Eleven Media Group

No comments:

Post a Comment