ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Monday, November 5, 2012
ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအတွင်းရှိ အဘယခေမိက ဘုန်းတော်ကြီး စာသင်ကျောင်းတွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ အတွင်းရှိ အဘယခေမိက ဘုန်းတော်ကြီး စာသင်ကျောင်းတွင် နိုဝင်ဘာလ ၂ ရက် နေ့က လူပေါင်း ၃၇ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ဖြစ်စဉ်မှာ ဘုန်းတော်ကြီး ကျောင်းအတွင်း ရောင်းချသော မုန့်တီသုပ်နှင့် မုန့်ဟင်းခါးများ ၀ယ်ယူစားသောက်ကြသော ကျောင်းသူ၊ ကျောင်းသားများနှင့် ကျေးရွာအတွင်းရှိ လူများ စုစုပေါင်း ၃၇ ဦးမှာ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်းနှင့် ဗိုက်နာခြင်းများ ဖြစ်ပွားခဲ့ပြီး
ယင်း ၃၇ ဦးအနက် လူနာ ၈ ဦးမှာ မန္တလေး ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံကြီတွင် လာရောက်ကုသမှု ခံယူခဲ့ရပြီး ကျန်လူနာများမှာ ကျောက်မီးတိုက်နယ်ဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးဝါးကုသမှု ခံယူခဲ့ကြောင်း သိရသည်။
''အစာအဆိပ်သင့်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်းကျန်းမာရေး ဦးစီးဌာနအနေနဲ့ ဖြစ်ပွားတဲ့သူတွေရဲ့ အန်ဖတ်တွေနဲ့ ၀မ်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေသလို မုန့်တီရောင်းတဲ့သူတွေရဲ့ သန့်ရှင်းမှုနဲ့ ပတ်သက်ပြီးတော့လည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ ဒီအစာအဆိပ်သင့်မှုက ဘယ်ပိုးကနေ ဘယ်လိုဖြစ်ပွားတယ်ဆိုတဲ့ အဖြေတော့ မရသေးပါဘူး။ လက်ရှိမှာတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်'' ဟု မန္တလေးတိုင်းဒေသကြီး၊ တိုင်းကျန်းမာရေး ဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူးက ပြောကြားသည်။
အစာအဆိပ်သင့်မှုဖြစ်ပွားသော လူနာများမှာ ပြန်လည်သက်သာသွားပြီး နောက်ထပ်ဖြစ်ပွားသူ လူနာမရှိကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမှုများကို မြို့နယ်ကျန်းမာရေးဌာနနှင့် တိုင်းအထူးရောဂါနှိမ်နင်းရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာန၌ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Eleven Media Group
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment