မြန်မာနိုင်ငံမှ သစ်လုံးများကို ပြည်ပသို့
အလုံးလိုက်တင်ပို့ခြင်းကို လာမည့် ၂၀၁၄ ခုနှစ် ဧပြီလတွင်
ပိတ်ပင်သွားတော့မည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း
မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
အောက်တိုဘာလ တတိယပတ်က နေပြည်တော်တွင် ကျင်းပခဲ့သော သစ်တောရေရှည်တည်တံ့ရေးနှင့် ပတ်သက်သော အစည်းအဝေးတစ်ခုတွင်လည်း ၀န်ကြီးက အတည်ပြုပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။
ကမ္ဘာပေါ်တွင် နာမည်ကျော်သော ကျွန်းသစ်များထွက်ရှိရာ မြန်မာနိုင်ငံမှ အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ သစ်လုံးများ အများဆုံးတင်ပို့နေပြီး မြန်မာနိုင်ငံမှ သစ်လုံးတင်ပို့မှုမှာ ပျှမ်းမျှအားဖြင့် တစ်နှစ်လျှင် မက်ထရစ်တန်ပေါင်း ၁ ဒသမ ၆ သန်းရှိပြီး
ထိုသို့တင်ပို့ခြင်းဖြင့် အမေရိကန်ဒေါ်လာ ၅၂၂ သန်းရရှိကြောင်း လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအေဂျင်စီ(EIA)က ထုတ်ပြန်လိုက်သည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သော သစ်လုံးပမာဏမှာ ကုဗမီတာ ၁၈ သန်းရှိပြီး ထိုပမာဏအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံရရှိကြောင်း ထိုအေဂျင်စီကပင်ထုတ်ပြန်သည်။
မြန်မာနိုင်ငံအနေဖြင့် တရားမ၀င် သစ်ခိုးထုတ်နေမှုများ ပပျောက်ရန်မှာမူ သစ်အလုံးလိုက်တင်ပို့ခြင်းကို ချက်ချင်းရပ်တန့်ပစ်လိုက်သင့်ကြောင်း EIA မှ ပညာရှင်များက ထောက်ပြပြောဆိုထားသည်။ ထိုသို့ သစ်အလုံးလိုက်တင်ပို့ခြင်းမှာ နိုင်ငံတွင်းမှ သစ်တောများ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရာလည်းရောက်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များကပြောသည်။
မြန်မာနိုင်ငံတွင်းမှ သစ်အချောထည်ထုတ်လုပ်သော လုပ်ငန်းရှင်များက တရုတ်နိုင်ငံနယ်စပ်မှ နယ်စပ်ဖြတ်ကျော်ကာ တရားမ၀င်ခုတ်လှဲထားသော သစ်လုံးများ ရောင်းဝယ်ဖောက်ကားနေခြင်းကိုလည်း အစိုးရအနေဖြင့် ထိထိမိမိကိုင်တွယ်သင့်ကြောင်း ပြောကြားကြသည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှုဧရိယာမှာ နိုင်ငံ၏ ၄၅ ရာခိုင်နှုန်းရှိကြောင်း အစိုးရကထုတ်ပြန်ထားပြီး သစ်တောပညာရှင်များက သစ်တောဖုံးလွှမ်းမှုမှာ ထိုပမာဏထက် လျှော့နည်းနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
အေးမြကျော်
7 Day News Journal

No comments:
Post a Comment