Sunday, November 4, 2012

၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အင်ဂျင်နီယာဘွဲ့(B.E)တက်ရောက်နိုင်သောနည်းပညာတက္ကသိုလ်တစ်ခုစီသာထားရှိမည်

၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ နည်းပညာတက္ကသိုလ်အားလုံးတွင် အင်ဂျင်နီယာဘွဲ့ (B.E) တန်းများ တက်ရောက်နိုင်တော့မည်မဟုတ်ဘဲ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုစီရှိ သတ်မှတ်ထားသော နည်းပညာတက္ကသိုလ်တစ်ခုတည်းတွင်သာ (B.E) တန်းများ တက်ရောက်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ နည်းပညာတက္ကသိုလ် အားလုံးတွင် B.E တန်းများထားရှိပေးခဲ့ပြီး အဆိုပါ B.E တန်းများတက် ရောက်နိုင်ရန် AGTI သင်တန်းကို နှစ်နှစ်တက်ရောက်ရမည်ဖြစ်သည်။ AGTI သင်တန်းမှအရည်အချင်းပြည့်မီသောအမှတ်ရရှိပါက
B.Tech သင်တန်းသို့ နှစ်နှစ်ဆက်လက်တက် ရောက်နိုင်ပြီး B.Tech စာမေးပွဲတွင် အရည်အချင်းပြည့်မီသောအမှတ်ရရှိပါက B.E သင်တန်း တစ်နှစ်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
''အရင်က ရန်ကုန်မြို့မှာရှိတဲ့ လှိုင်သာယာ GTC၊ သန်လျင် GTC မှော်ဘီ GTC တွေအားလုံးမှာ B.E တန်းတွေ ထားပေးထားတယ်။နောက်နှစ်မှာ အဲဒီကျောင်းတွေအားလုံးမှာ B.E တန်းတွေထားတော့မှာ မဟုတ်ပါဘူး။ အဲဒီထဲက တစ်ကျောင်းမှာပဲ B.E တန်းတွေ ထားရှိပေးတော့မှာဖြစ်ပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အခုလိုပဲ တိုင်းတစ်တိုင်းကို B.E တန်း သင်ကြားနိုင်တဲ့ကျောင်းတစ်ကျောင်းနှုန်းပဲ ထားရှိသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ကျောင်းတွေမှာ  AGTI  နဲ့ B.Tech ပဲသင်ကြားပေးမှာပါ''ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
လာမည့်နှစ်တွင် စတင်ကျင့်သုံးမည့် စနစ်သစ်၌ ယခုလက်ရှိကျင့်သုံးနေသည့် စာသင်နှစ်များကို ပြောင်းလဲတိုးမြှင့်သတ်မှတ်မည့် အစီအစဉ်လည်းပါဝင်ကြောင်း သိရှိရသည်။
ထိုသို့ တိုးမြှင့်ပြောင်းလဲရာတွင်  AGTI သင်တန်းကို သုံးနှစ်၊ B.Tech သင်တန်းကို နှစ်နှစ်နှင့် B.E သင်တန်းကို တစ်နှစ်သို့ ပြောင်းလဲထားကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment