ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ၀ါးတရာစက်မှု ဇုန်နယ်မြေ၊ အမှတ် ၂၃ရပ်ကွက်၊ တော်ဝင်လမ်းရှိ တော်ဝင်မိသားစု ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်သည့် ၁၀ရက် မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ ၃ရက်နေ့ နေ့လည်ပိုင်းက အဆိုပါ စက်ရုံတွင် ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆန္ဒထုတ်ဖော်သည့် အလုပ်သမားများ ညှိနှိုင်းမှု ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း ညှိနှိုင်းဆွေးနွေးမှုတွင် ပါဝင်သည့် အလုပ်သမားခေါင်းဆောင် ကိုကျော်မင်းက ပြောပြပါသည်။
ယင်းဆွေးနွေးမှုတွင် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးဝင်းရှိန်၊ တော်ဝင်မိသားစု ကုမ္ပဏီမှ ဒါရိုက်တာ ဦးမြင့်သိန်းနှင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေသည့် အလုပ်သမားခေါင်းဆောင် ၇ ဦးတို့ အချိန် ၂နာရီကျော်ကြာ ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုပ်သမားခေါင်းဆောင် ကိုကျော်မင်းက''ကျွန်တော်တို့ တောင်းဆိုတဲ့အချက် ငါးချက်မှာ ပထမအချက်တစ်ချက် ဆွေးနွေးမှုမှာပဲ ကုမ္ပဏီက ကျွန်တော်တို့ရဲ့ တောင်းဆိုမှုကို မလိုက်လျောနိုင်တဲ့အတွက် ဆွေးနွေးမှု မအောင်မြင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဆန္ဒပြတာ ၁၁ရက် ရှိပေမယ့် အလုပ်သမားတွေလိုချင်တဲ့ ရလဒ်မထွက်ခဲ့ပါဘူး။ ဒါကြောင့် အလုပ်ရှင်နှင့် အလုပ်သမား တိုက်ရိုက်ညှိနှိုင်းနိုင်ရေးအတွက် အလုပ်ရှင် ရှိတဲ့နေရာကို သွားရောက်တောင်းဆိုမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်'' ဟု ပြောပြခဲ့ပါသည်။
ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည့် အလုပ်သမားများ တောင်းဆိုခဲ့သည့် အချက်ငါးချက်တွင် (၁) စက်ရုံတွင်ရှိသော အလုပ်သမားများအား အပြင်ဆိုဒ်သို့ မပို့ရန် (၂) အလုပ်သမားများ၏ သဘောတူညီမှုမရှိဘဲ စည်းကမ်းချက်များ မထုတ်ပြန်ရန် (၃) စက်ရုံအတွင်း ၀င်ခွင့်မပေးသော အလုပ်သမားများအား On Duty ပေးရန်နှင့် လုပ်ခပေးရန် (၄) EC စာချုပ် အမြန်ဆုံး ချုပ်ဆိုပေးရန် (၅) လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်း အမြန်ဆုံးပြုလုပ်ပေးရန် စသည့်အချက်များ ပါဝင်သည်။
တော်ဝင်သစ်အချောထည်နှင့် ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည် တော်ဝင်ကုမ္ပဏီက ၄င်းတို့၏ ပြင်ပဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်စေခြင်းအား အလုပ်သမားများဘက်မှ စက်ရုံ၌သာ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုဖော်ထုတ်မှုအား အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ ၂၄နာရီပတ်လုံး နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။
ယင်းဆန္ဒထုတ်ဖော်မှုတွင် အလုပ်သမားဦးရေ ၂၆၈ ဦး ပါဝင်ပြီး အလုပ်သမား ၁၀ ဦး သည် နိုဝင်ဘာလ ၁ရက်နေ့မှ စတင်ပြီး အစာအငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် အလုပ်သမားများ၏ စားဝတ်နေရေးအတွက် ရွှေပြည်သာနှင့် လှိုင် သာယာစက်မှုဇုန်များရှိ စက်ရုံများမှ အလုပ်သမားများစုပေါင်း၍ အစားအစာများ လာရောက်လှူဒါန်းလျက်ရှိကြောင်းလည်း သိရပါသည်။
Eleven Media Group

No comments:
Post a Comment