ဝါ၀ါဝင်းကုမ္ပဏီရှေ့တွင် လယ်အသိမ်းခံ တောင်သူများ၏ ဆန္ဒထုတ်ဖော်မှုအား
တစ်ပတ်အတွင်းဖြေရှင်း ပေးခြင်းမရှိပါက နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက
ဆန္ဒထုတ်ဖော်မှု ရုတ်သိမ်းခဲ့သည့် တော်ဝင်ကုမ္ပဏီ အလုပ်သမားများ ပူးပေါင်းပါဝင်
ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း တော်ဝင်ကုမ္ပဏီ အလုပ်သမားများနှင့်
လယ်မြေအသိမ်းခံခဲ့ရသည့် လယ်သမားများက နိုဝင်ဘာလ ၁၁ရက်နေ့ ညနေပိုင်းတွင်
ပြောပြချက်အရသိရသည်။
တော်ဝင်ကုမ္ပဏီမှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည့်
အလုပ်သမားများသည် ၄င်းတို့
ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည့် ၁၇ ရက်မြောက်ဖြစ်သော နိုဝင်ဘာလ ၁၀ရက်နေ့တွင်
ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်အရ ၄င်းတို့ တောင်းဆိုချက်များ
ရရှိခဲ့သောကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆန္ဒထုတ်ဖော်မှုကို
ရုတ်သိမ်းခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှု ရုတ်သိမ်းခဲ့ကြသည့် တော်ဝင်အလုပ်သမားများသည်
ဝါ၀ါဝင်းကုမ္ပဏီရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေသည့် လယ်သမားများအား
၎င်းတို့ဆန္ဒထုတ်ဖော်စဉ်က အသုံးပြုခဲ့သည့် မီးဖိုချောင်သုံး ပစ္စည်းများနှင့်
စားစရာများ လာရောက်လှူဒါန်းစဉ် အထက်ပါအတိုင်း ကတိပေး
ပြောကြားခဲ့ခြင်းဖြစ်သည်။
တော်ဝင်ကုမ္ပဏီ အလုပ်သမားတစ်ဦးက ''အခုကျွန်တော်တို့ အခြေခံလူ တန်းစားတွေရဲ့
တောင်းဆိုချက်တွေဟာ တရားမျတတဲ့ တောင်းဆိုမှုတွေပါ။ ဒီလိုတောင်းဆိုမှုတွေ
တောင်းဆိုတဲ့အခါ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကို သက်ဆိုင်ရာ အလုပ်သမား
ဝန်းကြီးဌာနက တာဝန်ယူ ဖြေရှင်းပေးခဲ့သလို သူတို့လယ်သမားတွေရဲ့
တောင်းဆိုမှုတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်ဖြေရှင်း ပေးစေချင်ပါတယ်။
ကျွန်တော်တို့တွေဟာ သူတို့ကို ကိုယ်ချင်းစာတဲ့ စိတ်နဲ့ အခုလို
ဝိုင်းဝန်းကူညီသွားဖို့ ကတိပေးခဲ့တာပါ'' ဟု
ပြောပြခဲ့ပါသည်။
လှိုင်သာယာမြို့နယ်၊ အတွင်းပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ ဦး ခန့်က
၎င်းတို့၏ နစ်နာမှုများအား မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန (သို့ မဟုတ်) ၀ါဝါ၀င်း
ကုမ္ပဏီဘက်မှ ဖြေရှင်းပေးရန်အတွက် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀မိနစ်မှ
၁၂နာရီ ၃၀မိနစ် အချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အနော်ရထာလမ်းနှင့်
စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်း ကုမ္ပဏီရုံးရှေ့တွင် တရားဝင် ခွင့်ပြုမိန့်ဖြင့်
စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် သက်ဆိုင်ရာနှင့် ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းခြင်း မရှိသဖြင့်
ခွင့်ပြုချိန်ကျော် လွန်သော်လည်း နိုဝင်ဘာလ ၁၁ ရက် နေ့ ညနေပိုင်းအထိ
ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်လျက် ရှိသည်။
လယ်အသိမ်းခံ တောင်သူများ ဆန္ဒထုတ်ဖော်မှု ၁၂ ရက်မြောက်ကြာသော်လည်း သက်ဆိုင်ရာနှင့်
ကုမ္ပဏီဘက်မှ ညှိနှိုင်းခြင်းမရှိသဖြင့် ဆန္ဒထုတ်ဖော်မှု ဆက်လက်ပြုလုပ်လျက်ရှိကြောင်း
သတင်းရရှိသည်။
Eleven Media Group
No comments:
Post a Comment