ငလျင်ဒဏ်ခံရသည့် ဒေသများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာ
အဖွဲ့အစည်းများ အပါအ၀င် လူထုလူတန်းစား အဖွဲ့အစည်းများ၊ နိုင်ငံတကာ
အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု နိုင်ငံတော် သမ္မတရုံးမှ နိုဝင်ဘာလ ၁၂
ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ကြေညာခဲ့ပါသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်
၇ နာရီ ၄၂ မိနစ် အချိန်က ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာကို ဗဟိုပြု၍
လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် စစ်ကိုင်းတိုင်း
ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ
စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊
ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျင်း မြို့နယ် အတွင်းရှိ
စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ၊ လူနေ အိမ်ခြေ အဆောက်အအုံများ၊
စာသင်ကျောင်းများ၊ ရုံးအဆောက်အအုံများနှင့် တည် ဆောက်ရေး လုပ်ငန်းများ
ပျက်စီးခြင်း၊ ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ငလျင်ကြောင့် သေဆုံးသူ (၁၁) ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၃၆)
ဦးရှိခဲ့ပြီး
သေဆုံးသူ (၁၁) ဦးတွင် အမျိုးသား (၇)ဦး၊ အမျိုးသမီး(၄) ဦးဖြစ်ကာ
ဒဏ်ရာ ရရှိသူ (၃၆) ဦးတွင် သံဃာတော် (၁)ပါး၊ ကျား(၃၁) ဦး၊ မ(၄)ဦး ဖြစ်ကြောင်း
သိရသည်။ ထို့အပြင် အမျိုးသား(၅) ဦးလည်း ပျောက်ဆုံးနေကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် သာသနိက အဆောက်အအုံများ ပျက်ဆီးမှုတွင် စေတီ/ရုပ်ပွားတော် (၈၉) ဆူ၊
ဘုန်းတော်ကြီးကျောင်း (၄) ကျောင်း ဖြစ်သည်ဟု သိရသည်။
နိုင်ငံတော်
သမ္မတအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံး ပျက်စီးဆုံးရှုံးမှုများ
ရင်ဆိုင်ခဲ့ရသည့် မိဘပြည်သူ များနှင့် ထပ်တူ ၀မ်းနည်း ကြေကွဲရကြောင်း၊
ငလျင်လှုပ်ခတ်မှု ဖြစ်စဉ်၌ ဘေးဒုက္ခ ခံစားရသူများအား အရေးပေါ်အချိန်တွင်
ချက်ချင်းအကူအညီပေးရေးနှင့် ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သော ဒေသခံ ပြည်သူများကို
ကျေးဇူးတင်ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်
ထူထောင်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်
သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိခဲ့သည်။
ထို့အပြင် ငလျင်လှုပ်ခတ်မှု
ဖြစ်ပွားပြီးနောက် နိုင်ငံတော် သမ္မတ အနေဖြင့် ငလျင်ဒဏ်ခံရသည့် ဒေသများသို့
ကိုယ်တိုင် သွားရောက်ရန် အခြေအနေ မပေးသည့်အတွက် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း
ဦးဆောင်သည့် အဖွဲ့အား ချက်ချင်းစေလွှတ်၍ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနှင့် ပြန်လည်
ထူထောင်ရေး လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံပြည်သူ များအား
ကူညီအားပေးနိုင်ရန် တာဝန်ထမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ငလျင်လှုပ်ခတ်မှု ဖြစ်ပွားအပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့် တာဝန်ရှိသူများသည် သပိတ်ကျင်းမြို့ရှိ ငလျင်ဒဏ်သင့်
ဒေသခံပြည်သူများထံသို့ သွားရောက်ခဲ့ပြီး နိုင်ငံတော် မှ ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀
နှင့် စေတနာရှင်များမှ လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ စုစုပေါင်းကျပ်သိန်း ၃၀၀
ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို
အလုပ်အမှုဆောင်အဖွဲ့နှင့် လူမှုအထောက်အကူပြုအဖွဲ့တို့၏ အရေးပေါ် အစည်းအဝေး
ဆုံးဖြတ်ချက်အရ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ
ငလျင်ဒဏ်ခံပြည်သူများအတွက် ငွေကျပ် သိန်း(၁၀၀) လှူဒါန်းမည်ဖြစ်ကြောင်းသိရှိရပါသည်။
နိုဝင်ဘာလ ၁၁ ရက်အတွင်း ရစ်ခ်ျတာစကေး ၅ အဆင့်အထက် ငလျင်သုံးကြိမ်
လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့်ဇ လဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ နံနက်
၇နာရီ ၅၉ မိနစ် ၅၉ စက္ကန့် တွင်မန္တလေးမြို့ မြောက်ဘက် ၅၉ မိုင်ခန့်၊
ရွှေဘိုမြို့မှအရှေ့မြောက်ဘက် ၂၃ မိုင်ခန့်၊ မိုးကုတ်မြို့မှအနောက်ဘက်
၃၆မိုင်ခန့်နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် ၄ မိုင်ခန့် အကွာတွင် ဗဟိုပြု၍
အင်အားရစ်ခ်ျတာ စကေး ၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းနှင့် နံနက် ၈နာရီ ၂
မိနစ် ၂၈ စက္ကန့်တွင်မူ မန္တလေးမြို့မြောက်ဘက် ၅၃ မိုင် ခန့်၊ ရွှေဘိုမြို့မှ
အရှေ့မြောက်ဘက် ၁၆မိုင်ခန့်၊ မိုးကုတ်မြို့မှ အနောက် ဘက် ၄၁ မိုင်ခန့်နှင့်
သပိတ်ကျင်းမြို့ အနောက်တောင်ဘက် ၁၂မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး
၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက
သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီ ၂၆ မိနစ် ခန့်ကလည်း
ရွှေဘိုမြို့အရှေ့မြောက် ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅
ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
Eleven Media Group
No comments:
Post a Comment