Saturday, November 17, 2012

ADB၊ World Bank နှင့် Paris Club အဖွဲ့ဝင် နိုင်ငံများသို့ နိုင်ငံတော်မှ ပေးချေရန် ကျန်ရှိသည့် ချေးငွေ(အရင်း) အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၉၅၄.၅၈၁ ရှိ

ADB၊ World Bank နှင့် Paris Club အဖွဲ့ဝင် ၁၀ နိုင်ငံများထံသို့ နိုင်ငံတော်မှ ပြန်လည်ပေး ချေရမည့် ချေးငွေ(အရင်း)မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၉၅၄. ၅၈၈ ကျန်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၇၃- ၁၉၄၇ ဘဏ္ဍာရေးနှစ်မှစ၍ ADB၊ World Bank ၏ International Development Association (IDA) ထံမှ လည်းကောင်း၊ ၁၉၇၀ ခုနှစ်မှစ၍ Paris Club အဖွဲ့ဝင် ၁၀ နိုင်ငံမှ လည်းကောင်း ချေးငွေများ ချေးယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထိုချေးငွေများအပေါ် ADB မှ ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၈၆.၂၈ ရှိရာမှ ပေးချေရန် ကျန်ငွေ(အရင်း) စုစုပေါင်း အမေရိကန်ဒေါ်လာ
သန်းပေါင်း ၆၃၀.၃၆ ရှိကြောင်း၊ သတ်မှတ်သည့် (၂၂-၁-၂၀၁၃) ရက်တွင် ကြွေးမြီရှင်းလင်းရမည့်ငွေမှာ အရင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၂၆.၈၁၇ နှင့် အတိုး အမေရိကန် ဒေါ်လာသန်းပေါင်း ၉၆၂.၂၉၀ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၂၃.၁၀၀ နှင့် ပေးချေရန် မစေ့ရောက်သေးသည့် ကျန်ငွေ(အရင်း) မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၃.၅၅၀ ဖြစ်ကြောင်း သိရသည်။
World Bank မှ ချေးငွေပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၆၀.၁၁၁၊ ပေးချေရန် ကျန်ငွေ(အရင်း) စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၉၃.၄၂၁၊ သတ်မှတ်သည့် (၁၈.၁.၁၃)ရက်တွင် ကြွေးမြီ ရှင်းလင်းရမည့်ငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၂၀.၀၈၁၊ ပေးချေရန် မစေ့ရောက်သေးသည့် ကျန်ငွေ(အရင်း)မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၆၃.၃၉၄ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Paris Bank အဖွဲ့ဝင် နိုင်ငံများမှ ချေးယူထားသော ငွေမှာ ဒိန်းမတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၁.၁၀၀၊ ဂျာမနီနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၇၉.၈၀၀၊ ကနေဒါနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈.၃၀၀၊ ဖင်လန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆.၄၀၀၊ ပြင်သစ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၉၇.၂၀၀၊ အီတလီနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆.၂၀၀၊ နယ်သာလန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၉.၉၀၀၊ နော်ဝေနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၁၃.၄၀၀၊ သြစတြီးယားနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၆၈.၃၀၀၊ အင်္ဂလန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀.၂၀၀ ချေးယူထားကြောင်း သိရသည်။
Paris Club အဖွဲ့ဝင်နိုင်ငံများမှ ချေးငွေများမှာ ၄င်း၏(၁-၁-၂၀၁၂)ရက် စာရင်းအရ နောက်ကျကြေး အပါအ၀င်ဖြစ်ပြီး၊ မူလချေးယူထားသော ငွေကြေးအမျိုးအစားနှင့် ငွေလဲလှယ်နှုန်း မညှိနှိုင်းရသေးသဖြင့် ညှိနှိုင်းပြီးပါက ချေးငွေပမာဏ အပြောင်းအလဲ ရှိနိုင်ကြောင်းလည်း သိရသည်။
ADB၊ World Bank နှင့် Paris Club အဖွဲ့ဝင် နိုင်ငံများသို့ ပေးရန်ရှိ ကြွေးမြီလက်ကျန်များ ရှင်းလင်းရေးအတွက် ဂျပန်နိုင်ငံ Japan Bank for International Coperation-JBIC မှ ပေါင်းကူးချေးငွေ (Bridge Loan) ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းချေးငွေများ အများစုမှာ ပေးချေရန် စေ့ရောက်ပြီးသော်လည်း မပေးချေရသေးခြင်း ဖြစ်ကြောင်း၊ ချေးငွေများအား အချိန်မီ ပေးဆပ်နိုင်မှု မရှိခြင်း၊ ပြန်လည်ပေးဆပ်ရန် အချိန်ကာလ ကျော်လွန်သော်လည်း ကြွေးမြီရှင်းလင်းရေးကိစ္စများ မဆောင်ရွက်ခဲ့ခြင်း၊ အချိန်နှင့်အမျှ ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်း ပြောင်းလဲခြင်း စသည်တို့ကြောင့် မူလချေးငွေအပေါ် အတိုးနှင့် နောက်ကျကြေးများ မြင့်တက်ကာ ကြွေးကျန်ပမာဏ တိုးမြင့်ဖြစ်ပေါ်လျက်ရှိကြောင်းလည်း သိရသည်။
အဆိုပါ ချေးငွေများနှင့် စပ်လျဉ်းသည့် ကြွေးမြီလက်ကျန်များ ရှင်းလင်းရေး ဆောင်ရွက်သွားမည့် အခြေအနေအား ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ပုဒ်မ ၆၁ ပုဒ်မခွဲ(က)အရ ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော် သမ္မတမှ ပြည်ထောင်စုလွှတ်တော်ထံသို့ သ၀ဏ်လွှာပေးပို့ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment