Thursday, November 15, 2012

နိုင်ငံတကာသုံး ငွေထုတ်ကတ်ဖြစ်သည့် Master Card, Maestro Card, Cirrus Card များအား မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်ပြီ

နိုင်ငံတကာတွင် အသုံးပြုနေသည့် ကာလကြာမြင့်ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ခြင်း မရှိသေးသည့် Master Card, Maestro Card, Cirrus Card စသည့် ကတ်များအား နိုဝင်ဘာလ ၁၅ရက်နေ့မှ စတင်၍ အသုံးပြု နိုင်ပြီဖြစ်ကြောင်း အဆိုပါကတ် ၀န်ဆောင်မှု စတင်ပေးအပ်သည့် သမ၀ါယမဘဏ်မှ အမှုဆောင်အရာရှိချုပ်၊ ဒုဥက္ကဋ္ဌ-ဦးကျော်လင်းက နိုဝင်ဘာလ ၁၅ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
''မြန်မာနိုင်ငံမှာ နိုင်ငံတကာသုံး ငွေထုတ်ကတ်တွေ အသုံးပြုသင့်တာ ကြာပြီဖြစ်ပေမဲ့ အကြောင်း
အမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ဘူး။ ဒီလို မလုပ်နိုင်ခဲ့တဲ့အတွက် ဒေါ်လာငွေကြေး ကိုင်ဆောင်လှည့်လည်လေ့မရှိတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာ သူတို့ပါလာတဲ့ ငွေထုတ်ကတ်တွေကို မြန်မာနိုင်ငံမှာ
မသုံးနိုင်တော့ ၅ရက်နေမှာ မနေနိုင်ပဲ ၂ရက်လောက်နဲ့ ပြန်သွားရတယ်။ နိုင်ငံတကာ ခရီးသွားဈေးကွက်မှာ ငွေစက္ကူကိုင်ဆောင် သွားလာရတဲ့ အားနည်းချက်ကြောင့် မြန်မာနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု အားနည်းခဲ့ရတယ်။ ဒီနေ့ဒီ အချိန်ကစပြီး နိုင်ငံတကာသုံး ငွေထုတ်ကတ်ကို မြန်မာနိုင်ငံမှာ သုံးနိုင်ပြီဖြစ်လို့ ကမ္ဘာလှည့် ခရီးသွားဈေးကွက်အတွက်လည်း အများကြီး တိုးတက်မှု ရှိလာပါမယ်'' ဟု သမ၀ါယမဘဏ် မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့ပါသည်။
မာစတာကတ်အပါအ၀င် သမ၀ါယမဘဏ်ရှိ အေတီအမ်စက်များတွင် အသုံးပြုနိုင်မည့် ငွေထုတ်ကတ်များအား ငွေထုတ်ယူရာတွင် တစ်နေ့လျင် ၃ကြိမ် ထုတ်ယူနိုင်မည်ဖြစ်ပြီး တစ်ကြိမ်ထုတ်ယူပါက ကျပ် ၃သိန်းအထိ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ မာစတာကတ်ဖြင့် ငွေထုတ်ယူမှုများအတွက် တစ်ကြိမ်ငွေထုတ်ယူပါက ၀န်ဆောင်ခအဖြစ် ကျပ်ငွေ ၅၀၀၀ ကျသင့်မည်ဖြစ်ကာ အဆိုပါပမာဏမှာ  နိုင်ငံတကာနှုန်းထားသာ ဖြစ်ကြောင်းလည်း ဦးဖေမြင့်က ပြောကြားခဲ့ပါ သည်။
မြန်မာနိုင်ငံတွင် Master Card, Maestro Card, Cirrus Card   စသည့် ငွေထုတ်ကတ်များ အသုံးပြုနိုင်ရန် MasterCard Worldwide မှ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ငွေထုတ်ကတ်များအား လက်ရှိကာလတွင် သမ၀ါယမဘဏ်၏ အေတီအမ်စက်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
သမ၀ါယမဘဏ်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပျဉ်းမနား စသည့်မြို့များရှိ စီးပွားရေးအချက်အချာကျသည့် နေရာများတွင် အေတီအမ်စက် ၃၆လုံး တပ်ဆင်ထားကြောင်း သိရှိရပါသည်။
နိုင်ငံတကာသုံး ငွေထုတ်ကတ်ဖြစ်သည့် ဗီဇာကတ်ကိုလည်း မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် အမေရိကန်နိုင်ငံ ဗီဇာကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ သမ၀ါယမဘဏ်တို့နှင့် နိုဝင်ဘာလ ၃ရက်နေ့က  သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

Eleven Media Group

No comments:

Post a Comment